ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းခရီးစဉ်ဆိုပြီး အမည်ပေးထားခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်တစ်လျှောက် အတွေ့အကြုံကနေ စည်းလုံးညီညွတ်မှုဆိုတာကို ပြသလိုကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ လေးရက်တာ မြန်မာခရီးစဉ်နဲ့ပက်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၉ ရက် ညပိုင်းက ဆူးလေရှန်ဂရီလာ ဟိုတယ်ရဲ့ ပဲခူးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
 
လေးရက်တာ မြန်မာခရီးစဉ်အတွင်း ကက်သလစ်ဘာသာနဲ့ ဗုဒ္ဓဘာသာ နှစ်ခုအကြား စည်းလုံးညီညွတ်မှု ရှိတာကို တွေ့ခဲ့ရသလို မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အမြင်မတူသူတွေလိုအပ်နေတာက စည်းလုံးညီညွတ်မှု ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့တယ်လို့ ဗာတီကန် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
 
သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာ သတင်းမီဒီယာတွေက  ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းဒုက္ခသည်တွေ အရေးကို အဓိကမေးမြန်းခဲ့ကြပေမဲ့ ဗာတီကန် နန်းတော်က မြန်မာ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကျေနပ်အားရပြီး ၀င်စွက်ဖက်စရာမရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။ ယခု ခရီးစဉ်က ဗာတီကန်မြို့ပြနဲ့ မြန်မာနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးကို တိုးတက်စေလိုတာကြောင့် လာရောက်တဲ့ ခရီးစဉ်တစ်ခုသာ ဖြစ်တယ်လို့ပြောပါတယ်။
 
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်က ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းက တရားဝင် အဆုံးသတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ အခုနှစ် မေလ ၄ ရက် က ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့ပြီး ဗာတီကန်မြို့ပြနဲ့ မြန်မာနိုင်ငံတို့ရဲ့ သံတမန်ဆက်ဆံရေးကို တရားဝင်စတင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
 

Related News