မဲခေါင်- လန်ချန်းမြစ်ကြောင်းမှာ ထိရောက်တဲ့ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ မြန်မာအပါဝင် လေးနိုင်ငံ အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းဆွေးနွေးမှုကို ဇန်န၀ါရီ ၁၁ရက်က ရန်ကုန်မြို့၊ Summit Park View Hotel  မှာ  ပြုလုပ်ခဲ့ပါတယ်။ 
 
မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း စတဲ့လေးနိုင်ငံတွေနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ မဲခေါင် - လန်ချန်းမြစ်ကြောင်းမှာ  ပူးပေါင်းကင်းလှည့်တာ အပါအ၀င် ထိရောက်တဲ့ လုံခြုံရေးနဲ့တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ညှိနှိုင်းဆွေးနွေးတဲ့ အစည်းအဝေးကို ဒီနှစ်မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်တာပါ။ ဒီအစည်းအဝေးကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဗိုလ်ချူပ်အောင်စိုး တက်ရောက်ခဲ့ပြီး  အဖွင့်မိန့်ခွန်းပြောကြားကာ နိုင်ငံအလိုက် ကိုယ်စားလှယ်တွေနဲ့ သီးခြားတွေ့ဆုံ ခဲ့ပါတယ်။ လှည့်ကင်းဆောင်ရွက်တာ အပါအ၀င် လုံခြုံရေးနဲ့တရားဥပဒေ စိုးမိုးရေးဆိုင်ရာတွေကို ပူးပေါင်းဆောင်ရွက်တာ၊ ပြန်လည်ဆွေးနွေးသုံးသပ်တာ၊ အပြန်အလှန်ကူညီပေးတာတွေ လုပ်ဆောင်ခဲ့တာကြောင့်  မဲခေါင်ဒေသမှာ ယခင် (၁၀နှစ်)တာကာလနဲ့ နှိုင်းယှဉ်ရင် များစွာ အေးချမ်း တည်ငြိမ်မှုရှိလာတယ်လို့ ဗိုလ်ချူပ်အောင်စိုးက ပြောကြားပါတယ်။
 
ဒါ့ကြောင့်မှုခင်းတွေ လျော့နည်းကျဆင်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့ ဒုတိယ၀န်ကြီးက ပြောကြားခဲ့ပါတယ်။ဒီအစည်းအဝေးမှာ မဲခေါင်မြစ်ကြောင်း လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် သတင်းအချက်အလက် ဖလှယ်တာတွေ၊ နယ်စပ် ဆက်ဆံရေးရုံးတွေရဲ့ အခန်းကဏ္ဍနဲ့ ပူးပေါင်း ဆောင်ရွက်တာ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လောင်းကစားမှုနဲ့ တရားမ၀င် ကုန်သွယ်ရောင်းဝယ်တာတွေကို တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေ၊ နယ်စပ်ဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ခရိုင်အဆင့်၊မြို့နယ်အဆင့်တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက် တာတွေ စတဲ့လုပ်ငန်းတွေကို ချစ်ကြည်ရင်းနှီးယုံကြည်စွာ ပိုမိုမြှင့်တင်နိုင်ရေး ဆိုင်ရာကိစ်္စတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။ အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုတွေကိုတော့ အဆင့်မြင့်အရာရှိကြီးတွေပါဝင်တဲ့ လေးနိုင်ငံက နိုင်ငံ့ကိုယ်စားလှယ် အဖွဲ့တွေအဖြစ် ဖွဲ့စည်းပြီး ညှိနှိုင်းဆွေးနွေးကြတာပါ။
 
မဲခေါင် - လန်ချန်းမြစ်ကြောင်းမှာ ထိရောက်တဲ့ လုံခြုံရေးနဲ့တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ၂၀၁၁ ခုနှစ်ကစပြီး ညှိနှိုင်းလုပ်ဆောင်လာခဲ့တာလဲ ဖြစ်ပါတယ်။ ဒီအခမ်းအနား ဖွင့်ပွဲမှာတော့ ဒုတိယ၀န်ကြီး ဗိုလ်ချူပ်အောင်စိုး၊ အမှတ်(၂)လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူး၊ ရေကြောင်းရဲတပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ရဲဆက်ဆံရေးသံမှူးကြီး၊ နိုင်ငံ့ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပါတယ်။
 
 
 

Related News