လက်ရှိ အဆင်မပြေဖြစ်နေတဲ့ RCSS ရဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိစ္စတွေနဲ့ ALP ရဲ့ လူထု တွေ့ဆုံဆွေးနွေးပွဲ ကိစ္စတွေအဆင်ပြေမှ တတိယအကြိမ်ပင်လုံအစည်းအဝေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဆုံးဖြတ်လိုက်ပါတယ်။ ဇန်န၀ါရီ (၁၁)ရက်နဲ့ (၁၂)ရက် နှစ်ရက်တာ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ အရေးပေါ် အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
 
လက်ရှိမှာRCSS အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအကြို လူထုတွေ့ဆုံဆွေးနွေး ပွဲတွေ တားမြစ်ခံရတာကြောင့် ဇန်န၀ါရီ(၁၂)ရက်နေ့ကနေ (၁၄)ရက်နေ့ အထိပြုလုပ်မယ့် ရှမ်းအမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ရွှေ့ဆိုင်းထားသလို အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ခွင့်မရသေးတဲ့ ALP အနေနဲ့ လည်း လူထုတွေ့ဆုံပွဲတွေ ပြုလုပ်ဖို့ခွင့်ပြုချက် မရသေးဘူးလို့ သိရပါတယ်။ပင်လုံအစည်းအဝေးအောင်မြင်နိုင်ဖို့ကြားကာလ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ် အဆင့်ဆင့်ဟာ အရေးကြီးပြီး ဒါကြောင့် ဒီကိစ္စ တွေဆောင်ရွက်ပြီးမှ ပင်လုံညီလာခံကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်တယ်လို့ အပစ်ရပ်အဖွဲ့ တွေရဲ့ထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။
 
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တနည်းအားဖြင့် ၂၁ပင်လုံအစည်းအဝေးတွေကိုတော့ အစိုးရနဲ့ အပစ်ရပ် အဖွဲ့တွေက ပူးပေါင်းကျင်းပ တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ (၆)ကြိမ်မြောက် NCAအကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) မှာတော့ ၂၁ပင်လုံ တတိယ အစည်းအဝေးကို လာမယ့်ဇန်န၀ါရီ နောက်ဆုံးပတ်မှာပြုလုပ်နိုင်ဖို့ ဆုံးဖြတ်ထားတာပါ။ ပင်လုံအစည်းအဝေးရက်ရွှေ့ရနိုင်သလားဆိုတဲ့ မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် တော့ လက်ရှိအခက်အခဲတွေ အမြန်ဆုံး ဖြေရှင်းနိုင်မှုအပေါ်မူတည်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြန်လည်ဖြေကြားပါတယ်။
 
RCSS နဲ့ ALP ရဲ့အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲနဲ့ လူထုတွေ့ဆုံ ပွဲကိစ္စတွေအတွက် အပစ်ရပ်အဖွဲ့တွေဘက်က အစိုးရနဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး အမြန်ဆုံး ညှိနှိုင်းမယ်လို့ ပြောပါတယ်။ပြီးခဲ့တဲ့ ၂၀၁၇ ဇန်န၀ါရီလကစပြီး လက်ရှိအချိန်ထိ ကရင်ပြည်နယ် ဘားအံ၊ ချင်းပြည်နယ် ထန်တလန်နဲ့ ရှမ်းပြည်နယ် ဟိုပုန်းမြို့တွေမှာ လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ တနင်္သာရီတိုင်း ထားဝယ်၊ ပဲခူးတိုင်း တောင်ငူမြို့တွေမှာ ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲနဲ့ နေပြည်တော်မှာ အကြောင်းအရာအလိုက် အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။ 
 
 
 

Related News