ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် ခံစားချက်နှင့် စကားလုံးတစ်လုံးတစ်လုံးဖြင့် တုံ့ပြန်ခြင်းထက် လုပ်ထုံးလုပ်နည်းများ ဥပဒေများနဲ့အညီ တည်တည်ငြိမ်ငြိမ် ၊ ဂုဏ်သိက္ခာရှိရှိ ဥာဏ်အမြော်အမြင်နဲ့ ဆင်ခြင်တုံတရားကို အလေးနက်ထားပြီး ထိရောက်သည့် တုံ့ပြန်မှုများနှင့် တုံ့ပြန်ဆောင်ရွက်လျက် ရှိတယ်လို့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးသိန်းဆွေကပြောကြားခဲ့ပါတယ်။ 
 
ဖေဖော်ဝါရီလ(၅)ရက်ကပြုလုပ်ခဲ့တဲ့ ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးမှာ မက်မန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်အေးက တိုင်းရင်းသား မျိုးနွယ်စုများတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းအား မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူလူထုသာမက ကမ္ဘာ့နိုင်ငံအသီးသီးအား သိရှိစေရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့တာပါ။
 
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကလွတ်လပ်ရေးမရခင်ကတည်းက ပြုစုထားတဲ့ မှတ်တမ်းတွေ၊သန်းခေါင်စာရင်းတွေ၊ လူမျိုးစု စာရင်းတွေအရ ရိုဟင်ဂျာဆိုတဲ့လူမျိုးစုဟာ မြန်မာနိုင်ငံမှာမရှိဘူးလို့ဆိုပါတယ်။နိုင်ငံတော်အကြီးအကဲတွေရဲ့မိန့်ခွန်းတွေ သ၀ဏ်လွှာတွေထဲမှာလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ထည့်သွင်းဖော်ပြထားတာမရှိဘူးလို့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်မီဒီယာတွေ၊ ပုဂ္ဂလိကပိုင် မီဒီယာတွေကနေလဲ ရိုဟင်ဂျာဆိုတဲ့လူမျိုးအမည်ကို ထည့်သွင်းအသုံးမပြုပဲ ရိုဟင်ဂျာ လူမျိုးသည် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေထဲတွင် မပါဝင် ကြောင်း ကြိမ်ဖန်များစွာ ဖော်ပြထားပြီးဖြစ်တယ်လို့ ပြောပါတယ်။
 
ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ မြန်မာသံရုံး ၀န်ထမ်းများ၊ သံအမတ်ကြီးများနဲ့ UNအဖွဲ့အစည်းများမှာရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ်တွေ အနေနဲ့လဲ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုဘဲ တစ်ခြား ကိုယ်စားလှယ်တွေက သုံးစွဲလာပါက တရားဝင်ထောက်ပြတာတွေ၊ ကန့်ကွက်တာတွေ ဆန့်ကျင် တာတွေ စဉ်ဆက်မပြတ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ မေးခွန်းကိုမေးမြန်းခဲ့တဲ့ မက်မန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်အေးက ရခိုင်ပြည်နယ်ရိုဟင်ဂျာ ဘင်္ဂါလီအရေးဟာ ရှုပ်ထွေးနက်နဲလှပြီး နူးညံ့သိမ်မွေ့စွာ ဖြေရှင်းရမှာ ဖြစ်ပေမဲ့ အချိန်ကြာလာရင် နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခတွေဟာ ပိုမိုဆိုးရွားစွာဖြစ်ပွားလာနိုင်တာကိုလဲ ထည့်သွင်းစဉ်းစား သင့်တယ်လို့လည်းပြောကြားခဲ့ပါတယ်။
 
 
 

Related News