ရန်ကုန်တိုင်းဒေသကြီးမှာ (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ကို ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီနေ့ ဖေဖော်ဝါရီ(၁၂)ရက်နေ့မှာ ကျရောက်တဲ့ (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လွတ်လပ်ရေးကျောက်တိုင်ရှိရာ ရန်ကုန်မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပခဲ့တာပါ။ ဒီအခမ်းအနားကို  မြို့နယ်အသီးသီးက အများပြည်သူတွေ၊ ကျောင်းသူ၊ကျောင်းသားတွေ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်အရာရှိတွေ၊ ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို မနက်(၇)နာရီမှာ စတင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သမ်္မတ ဦးထင်ကျော်က ပေးပို့တဲ့ (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ သ၀ဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားခဲ့တာပါ။ဒီသ၀ဏ်လွှာမှာ ၂၀၁၈ ခုနှစ် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်(၄) ရပ် အပါအ၀င် တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့နိုင်ငံရေးနည်းလမ်းကို လက်ကိုင်ပြုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံကိုလည်း ကျင်းပလျက်ရှိရာ ယခုအခါ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ(၃၇)ချက်ကို သဘောတူညီမှုရရှိခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၁)အဖြစ် စာချုပ်ချုပ်ဆိုနိုင်ပြီးဖြစ်တယ်လို့ ပါရှိတယ်။

ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေအပြီးတိုင် ချုပ်ငြိမ်းနိုင်ဖို့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို  ခိုင်မာစွာတည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်း အဖြေရှာ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။ပြည်ထောင်စုနေ့ အခမ်းအနားတွေမှာ တိုင်းရင်းသားလူမျိုးတွေရဲ့ ယဉ်ကျေးမှုဓလေ့တွေ၊ ရိုးရာအသုံးအဆောင်ပစ်္စည်းတွေ ခင်းကျင်းပြသတာ ဈေးရောင်းပွဲတော်တွေကိုလည်း လုပ်စေချင်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေ  ပြည်မနဲ့တောင်တန်းဒေသ အားလုံးလွတ်လပ်ရေး တစ်ပြိုင်တည်းရရှိဖို့ တစ်ညီတစ်ညွတ်ထဲတောင်းဆိုဖို့ ပင်လုံညီလာခံကို ကျင်းပဆွေးနွေးခဲ့ကြပြီး ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့မှာ တစ်နိုင်ငံလုံးလွတ်လပ်ရေး ရရှိရေးအတွက် တစ်စိတ်တစ်ဝမ်းထဲ ကြိုးပမ်းမှုသမိုင်းမှတ်တိုင်အဖြစ် လက်မှတ်ရေးထိုးခဲ့တဲ့နေ့ကို ပြည်ထောင်စုနေ့ အဖြစ်သတ်မှတ်ခဲ့တာလည်းဖြစ်ပါတယ်။  

 

 

 

Related News