မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ လယ်ယာလုပ်ကိုင်တဲ့ အမျိုးသမီးတွေကို လယ်ယာမြေ ပိုင်ဆိုင်မှုပုံစံ(၇)ကို အပေါင်ခံပစ္စည်းအဖြစ်ထားနိုင်တာနဲ့ လယ်မြေတစ်ဧကကို စိုက်ပျိုးစရိတ် အနည်းဆုံး 
ကျပ်သုံးသိန်းကစပြီး ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။လယ်ယာမြေ ပိုင်ဆိုင်မှု ပုံစံ(၇)ကို အပေါင်ခံပစ္စည်းအဖြစ်ထားပြီး စိုက်ပျိုးစရိတ် ထုတ်ချေးနိုင်မယ့် အစီအစဉ်ကို အက်ရှင်အေ့ဒ်မြန်မာက 
ကမ္ဘောဇဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပခုက္ကူမြို့နယ်မှ အမျိုးသမီးဦးရေ ၁၂၀ ကို စိုက်ပျိုးစရိတ်ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ ထုတ်ချေးလိုတဲ့ လယ်ယာလုပ်ကိုင်သူ အမျိုးသမီးတွေအနေနဲ့ 
လုပ်ငန်းလည်ပတ်မှုအထောက်အထားတွေ ပြစရာမလိုပဲ စိုက်ပျိုးစရိတ်ကို ပထမဆုံးထုတ်ချေးနိုင်မှာ ဖြစ်ပါတယ်။
 
အက်ရှင်အေ့ဒ်မြန်မာက မကွေးတိုင်းဒေသကြီးရှိ အမျိုးသမီးလယ်ယာလုပ်ငန်းရှင်တွေကို အထောက်အပံ့ပေးနိုင်ဖို့ ချေးငွေအစီအစဉ်ကို ၂၀၁၇ ခုနှစ်တည်းက အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ ချေးငွေရယူမယ့် ကျေးရွာတွေမှာလည်း အမျိုးသမီး စိုက်ပျိုးထုတ်လုပ်သူများကွန်ရက်ဖွဲ့စည်းပေးပြီး ငွေကြေးစီမံခန့် ခွဲတဲ့အပိုင်းနဲ့ လယ်ယာထွက်ကုန်တွေကို ဈေးကွက်ထဲအထိ ရောင်းချနိုင်ဖို့ ကူညီဆောင်ရွက်ပေးမယ်လို့ပြောပါတယ်။ချေးငွေကိုဆပ်ဖို့အတွက် တစ်နှစ်အချိန်သတ်မှတ်ပေးထားပြီး အတိုးနှုန်းကို ၁၃ ရာခိုင်နှုန်း သတ်မှတ်ထားတယ်လို့သိရပါတယ်။ လယ်မြေတစ်ဧက ကစပြီး ချေးငွေထုတ်ယူနိုင်မှာဖြစ်ပြီး လာရောက်ပေါင်နှံတဲ့ မြေဧကနဲ့ သင့်တော်တဲ့ စိုက်ပျိုးစရိတ်ကို ထုတ်ချေးသွားမှာဖြစ်ပါတယ်။ 
 
တောင်သူတွေအနေနဲ့ လယ်ယာလုပ်ငန်းလည်ပတ်ဖို့ ဒေသခံချေးငွေလုပ်ငန်းတွေကနေ ချေးငွေအမြဲတမ်း ရယူနေရပေမယ့် အတိုးနှုန်းကြီးမြင့်တယ်လို့ သိရပါတယ်။ ကမ္ဘောဇဘဏ်ကတော့ အတိုးနှုန်း လျှော့ချချေးငွေ 
ထုတ်ပေးတာဖြစ်ပြီး ၁၂လပြည့်မှ ချေးငွေအကြေဆပ်ရတာကြောင့် သီးနှံတွေကို ဈေးကောင်းရတဲ့အချိန်ရောင်းချပြီး ချေးငွေဆပ်နိုင်မှာဖြစ်တယ်လို့  ပခုက္ကူမှ လယ်ယာလုပ်ငန်းရှင် အမျိုးသမီးက ပြောပါတယ်။
ကမ္ဘောဇဘဏ်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက ချေးငွေစတင် ထုတ်ပေးနေပြီဖြစ်ပြီး ပခုက္ကူမြို့နယ်ရှိ ရွာ(၅)ရွာကို ချေးငွေထုတ်ပေးထားပါတယ်။ ရွာတစ်ရွာကို ငွေကျပ် ၁၇၇ သိန်းကျော် ထုတ်ချေးပေးထားပြီး 
တောင်သူအမျိုးသမီးတစ်ဦးကို ငွေကျပ်ဆယ်သိန်းကနေ တစ်ဆယ့်ငါးသိန်း ၀န်းကျင်ထိ ချေးငွေပေးနိုင်မှာ ဖြစ်ပါတယ်။
 
ယခု ချေးငွေအစီအစဉ်အတွင်း ကျပ်သိန်းရှစ်ရာကနေ သိန်းတစ်ထောင်အတွင်းသုံးစွဲမှာဖြစ်ပြီး တောင်သူတွေ ပြန်ဆပ်တဲ့ ငွေတွေကိုလည်း ပခုက္ကူဒေသ အကျိုးပြုလုပ်ငန်းတွေမှာ ပြန်လည်သုံးစွဲမယ်လို့ သိရပါတယ်။မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ ငရုတ်၊ ပြောင်းဖူး၊ မြေပဲနဲ့  ဆေးရွက်ကြီးစတာတွေ စိုက်ပျိုးကြပြီး ဧရာဝတီမြစ်နဲ့ နီးတာကြောင့် ရေတက်ကာလ မမှန်တာ၊ သီးနှံဆွတ်ချိန် မိုးဖျက်တာနဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့် သီးနှံဆုံးရှုံးတာတွေ ပုံမှန်ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ 
 
 
 

Related News