ရန်ကုန်မြို့မှာ မိုက်ကြေးခွဲ ကားပါကင်ကြေး ကောက်ခံတာတွေရှိနေပြီး ကိုယ်တိုင်ကြုံတွေ့နေရ ကြောင်းကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက  တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ 
ရန်ကုန်မြို့တွင်းမှာ ယာဉ်ရပ်နားဖို့နဲ့ ကားပါကင်ပြသာနာတွေ နေ့စဉ် ကြုံတွေ့နေရပြီး ကားပါကင်လုရာကနေ ခိုက်ရန်ဖြစ်ပွားတာတွေလည်း မကြာခဏဆိုသလို ကြားသိမြင်တွေ့နေရတာပါ။ ယာဉ်ရပ်နားဖို့ ကားပါကင်နေရာဦးငွေကြေးကောက်ခံကာ လုပ်ကိုင်စားသောက်နေသူတွေဟာလည်း အများအပြားရှိနေပြီး ကားတစ်စီးကို ကျပ် ၅၀၀ နှုန်းနဲ့ တရားမ၀င်ကောက်ခံနေတာပါ။ တောင်းခံသူတွေဟာ မြို့တော်စည်ပင်က ကောက်ခံခွင့်ပြုထားတာမဟုတ်သလို ပိုက်ဆံမပေးရင် ကားတွေကို ထိခိုက်၊ ဖျက်ဆီးတတ်တယ်လို့လည်း သိရပါတယ်။ 
 
ဒီလိုကောက်ခံမှုတွေဟာ သူ့ကားကိုတောင် အလွတ်မပေးကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖေဖော်ဝါရီ၁၅ရက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ  ပြောပါတယ်။ရန်ကုန်မြို့တွင်း လူနေထူထပ်တဲ့ မြို့နယ်တွေမှာ ကားပါကင်တွေ သတ်မှတ်ပြီး စနစ်တကျ ကားပါကင်ကြေးကောက်ခံမယ့် အစီအစဉ်ကို ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော်မလဲဆိုတာကို ကျောက်တံတားမြို့နယ်အမတ် ဒေါ်ကြည်ပြာက မေးမြန်းခဲ့တာပါ။ယခင်က ကားပါကင်ကြေးကို  စနစ်တကျကောက်ခံခဲ့တယ် ဆိုပေမယ့် စနစ်မကျဘဲ လမ်းအလိုက် ဆပ်ကန်ထရိုက်နဲ့ ပြီးစလွယ်ကောက်ခံခဲ့ပြီး အစိုးရအကူးအပြောင်းကာလမှာ ကားပါကင်ကြေးကောက်ခံတာကို အကုန်ဖျက်သိမ်းပစ်ခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ 
 
လက်ရှိ ကားပါကင်ကြေးကို မိုက်ကြေးခွဲတောင်းခံနေတာတွေကို စည်ပင်အနေနဲ့ ပါကင်နေရာသတ်မှတ်ပြီး ကောက်ခံတာမျိုးတွေ မလုပ်သင့်လို့ လုပ်ဆောင်မှာမဟုတ်ဘူလို့လည်း ပြောပါတယ်။ ဒီလိုမိုက်ကြေးခွဲကောက်ခံနေတာတွေဟာ အန္တရာယ်ပေးလောက်အောင်လုပ်နေလို့ ထိထိရောက်ရောက် အရေးယူဖို့လိုအပ်သလို ပါကင်ဧရိယာကိုတော့ သတ်သတ်မှတ်မှတ်ပြန်ထားမှာဖြစ်ပြီး ဒီပြသာနာတွေကို ဖြေးရှင်းဖို့စဉ်စားလုပ်ဆောင်နေတယ်လို့လည်း မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
 
 
 

Related News