ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်စဉ်ဖြစ်ပွားမှုတွေမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်း အမှုကြီး(၁၀)မျိုး စုစုပေါင်း အမှု(၅၀)ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအထဲမှာ လူသတ်မှုက(၁၄)မှုဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ဇန်န၀ါရီလကထက် နှစ်ဆနီးပါးကျဆင်းခဲ့တယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
 
အမှုကြီး(၁၀)မျိုးမှာ လူသတ်မှု(၁၄)မှု၊လုယက်မှု(၄)မှု၊မုဒိမ်းမှုက(၃၁)မှု၊တိရစာ်္ဆန်ခိုးမှု(၁)မှု စုစုပေါင်း အမှု(၅၀)ဖြစ်ပွားခဲ့ရာ  ပြီးခဲ့တဲ့ ဇန်န၀ါရီလနဲ့နှိုင်းယှဉ်ရင် အမှုကြီး(၁၀)မျိုး စုစုပေါင်း(၅၀)ကတော့ အတိုးအလျော့မရှိခဲ့ပါဘူး။ ကျန်တဲ့ ဓါးပြမှု၊ ပြန်ပေးမှု၊ဖောက်ထွင်းမှု၊ သစ္စာဖောက်မှု၊လက်နက်မှု၊ မတရားအသင်းစတာတွေကတော့  မဖြစ်ပွားခဲ့ဘူးလို့သိရပါတယ်။ လူသတ်မှုအနေနဲ့တော့  ပြီးခဲ့တဲ့ ဇန်န၀ါရီလကထက်(၁၀)မှုကျဆင်းခဲ့ပြီး မုဒိမ်းမှုကတော့(၈)မှုတိုးဖြစ်ပွားခဲ့တာပါ။ 
 
အခြားအမှု(၁၀)မျိုးအနက် ခိုးမှုအမျိုးမျိုးအဖြစ်(၇)မျိုးခွဲခြားထားပြီး ခိုးမှုအမျိုးမျိုးကအမှုပေါင်း (၁၀၀)ကျော်၊ နာကျင်စေမှု(၂)မျိုး က(၄၃၀)ကျော်၊ ကျန်အခြားအမှု (၁၀)မျိုး စုစုပေါင်း(၁၄၀၀)ကျော် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ဇန်န၀ါရီလထက်(၇)မှု တိုးမြှင့်ဖြစ်ပွားခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အမှုကြီးနဲ့ အခြားအမှုစတဲ့ မှုခင်းဖြစ်စဉ်ဖြစ်ပွားမှုတွေ လျော့ကျရေးအတွက် ကြိုတင်ကာကွယ်ဖမ်းဆီးမှုတွေကို အရှိန်အဟုန်မြင့်ဖမ်းဆီးနေတာပါ။
 
ကြိုတင်ကာကွယ်ဖမ်းဆီးမှုတွေအနေနဲ့ လက်နက်ပုန်း၊ လောင်းကစား၊ပြည့်တန်ဆာ၊ ကျင့်၅၄၊ယစ်မျိုး၊ ရဲအက်၊ခြေချုပ်၊မူးယစ်ဆေးဝါး၊ ဆင်ဆာမဲ့ဗီဒီယို၊ မော်တော်ယာဉ်စတဲ့ အမှု(၁၀)မျိုးစုစုပေါင်း(၃၉၀၀)နီးပါးဖမ်းဆီးခဲ့ကာ ပြီးခဲ့တဲ့ဇန်န၀ါရီလထက် အမှုပေါင်း(၁၆၀)ကျော် ဖမ်းဆီးမှုလျော့ကျခဲ့တာပါ။ယစ်မျိုးတစ်ခုထဲ အမှုပေါင်း(၁၀၇)မှုလျော့ကျခဲ့တာဖြစ်ပြီး ဖမ်းဆီးမှုလျော့ကျမှုနဲ့ ပတ်သက်ပြီးတော့လည်း ရဲမှူးလှဝေက ခုလိုရှင်းပြောကြားခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်အတွင်း ကြိုတင်ကာကွယ်ဖမ်းဆီးမှု အမှုပေါင်း ငါးသောင်းနှစ်ထောင်ကျော် ဖမ်းဆီးအရေးယူထားနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်ကထက် အမှုပေါင်းတစ်သောင်းကျော် တိုးမြှင့်ဖမ်းဆီး နိုင်ခဲ့ပါတယ်။ ဒီလိုဖမ်းဆီးတာတွေကြောင့် အမှုကြီးတွေဖြစ်ပွားမှု သိသိသာသာကျဆင်းလာခဲ့ တယ်လို့လည်း ပြောပါတယ်။
 
 
 
 

Related News