ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းက လမ်းတစ်ခုဖောက်လုပ်မှုအပေါ် တပ်မတော်နဲ့ KNU/ KNLA   တပ်မဟာ(၅)ကြား ထိတွေ့မှုတွေဖြစ်ပေါ်တဲ့အထိ ရှိခဲ့ပြီး ဒါကိုနှစ်ဖက်တွေ့ဆုံ အဖြေရှာနိုင်အောင် စီစဉ်နေတယ်လို့ သိရပါတယ်။ဖာပွန်က ခေးပူနဲ့ လယ်မူပလောရွာကြား (၁၅)မိုင်ရှည်တဲ့ လမ်းဟောင်းကို တပ်မတော်က ပြန်လည်ဖောက်လုပ်ဖို့လုပ်ရာကနေ နားလည်မှုလွဲပြီးစတင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ တပ်မတော်ဘက်က မိုးမကျမီရိက္ခာပို့ဖို့နဲ့ ဒေသခံတွေ ဆက်သုံးလို့ရအောင် လမ်းပြန်လည်ဖောက်နေတာလို့ပြောထားပြီး ဒါနဲ့ပတ်သက်လို့ တပ်မတော်နဲ့ KNLA တပ်မဟာ (၅)ကြား သဘောထားကွဲလွဲနေတာ ဖြစ်ပါတယ်။

ဒီလမ်းကို ၂၀၁၈ မတ်လ(၄)ရက်နေ့က စတင်ဖောက်လုပ်နေတာဖြစ်ပြီး လက်ရှိ(၄)မိုင်ကျော် ဖောက်လုပ်အပြီးမှာတော့ ထိတွေ့မှုတွေကြောင့် ရပ်ဆိုင်းထားတယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ပါတယ်။ ဒီလမ်းဟောင်းကို ပြန်လည်ဖောက်လုပ်ဖို့ တပ်မတော်အနေနဲ့ KNLA  တပ်မဟာ(၅)ကို ၂၀၁၇ခုနှစ် နိုဝင်ဘာမှာ (၁၁)ကြိမ်ထက်မနည်းအကြောင်း ကြားခဲ့တယ်လို့လည်း ပြောထားပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက်တာဝန်ရှိသူတွေ ပဲခူးတိုင်း ကျောက်ကြီးမှာတွေ့ဆုံနိုင်ဖို့ မတ်လ(၂၉)ရက်နေ့မှာ စီစဉ်ခဲ့ပေမယ့် KNLA ဘက်က နယ်မြေခံတပ်မှူးပါမလာတာကြောင့် ဆွေးနွေးမှုမဖြစ်ခဲ့တာပါ။ ကြားထဲမှာ JMC-U ဘက်က အရပ်သားကိုယ်စားလှယ်တွေစေလွှတ်ပြီး (၂)ကြိမ်ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေသေးတာ ဖြစ်ပါတယ်။

တပ်မတော်ဘက်ကတော့ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တွေ့ဆုံအဖြေရှာမှုမှာ တစ်ဖက်က နယ်မြေခံတပ်မှူးပါဝင်နိုင်ဖို့ တိုက်တွန်းထားပါတယ်။ ပထမတွေ့ဆုံမှုမဖြစ်ခဲ့ပေမယ့်  လာမယ့် မေလတတိယအပတ်အတွင်း တွေ့ဆုံနိုင်အောင် JMC-U ဘက်ကထပ်စီစဉ်နေတယ်လို့ ပြောပါတယ်။ဒီလမ်းဖောက်လုပ်နေစဉ်အတွင်း KNLAရဲ့ ပစ်ခတ်မှုအကြိမ်(၅၀)ကျော်နဲ့ မိုင်းနင်းဖြစ်စဉ် (၁၃)ကြိမ်ကြုံခဲ့ရပြီး တပ်ဖွဲ့ဝင်(၄)ဦးသေဆုံးကာ ၂၉ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အခုလမ်းဖောက်လုပ်နေတဲ့ ခေးပူနဲ့ လယ်မူပလော ကြားမှာတော့ ကရင်ရွာ(၁၁)ရွာထက်မနည်းရှိတယ်လို့ သိရပါတယ်။

 

 

 

Related News