မြန်မာနိုင်ငံကိုပထမဆုံးလာရောက်ခဲ့တဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေး သူငယ်နှင့် လက်နက်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Virginia Gamba  က သူမရဲ့ခရီးစဉ်အပြီး မီဒီယာတွေနဲ့တွေ့ဆုံမှုမှာပြောကြားခဲ့တာပါ။မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း အရွယ်မရောက်သေးတဲ့ ကလေးစစ်သား အသုံးပြုနေမှုတွေကို အချက်အလက်တွေအရ သိရှိနေရပြီး ဒါတွေကိုပပျောက်နိုင်ဖို့လက်တွေ့လုပ်ဆောင် ဖို့လည်း သူမကတိုက်တွန်းခဲ့ပါတယ်။
 
အရွယ်မရောက်သေးသူစစ်မှုထမ်းနေရခြင်းကို တပ်မတော်အပြင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တချို့ဆီမှာပါ တွေ့နေရတယ်လို့သူမကဆိုပြီး ကလေးစစ်သားအသုံးပြုမှုပပျောက်ရေး ဒီ့ထက် အားထည့်လုပ်ဆောင်နိုင်ဖို့လိုတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။လက်နက်ကိုင်ပဋိပက္ခအတွင်း အရွယ်မရောက် သေးသူများအသုံးပြုမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ ရဲ့ နောက်ဆက်တွဲ သဘောတူစာချုပ်မှာလည်း မြန်မာနိုင်ငံပါဝင်နိုင်ဖို့ပြောဆိုခဲ့ပြီး ကုလသမဂ်္ဂအား ကချင်၊ရှမ်းနဲ့ရခိုင်ကို သွားရောက်ခွင့် ပေးဖို့သူမက တောင်းဆိုခဲ့ပါသေးတယ်။
 
သူမဟာ မေလ(၂၇)ရက်ကနေ (၂၉)ရက်အထိသုံးရက်ကြာ ခရီးစဉ်အဖြစ်လာရောက်ခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ အခုမြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ၊ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုလသမဂ်္ဂရဲ့ စောင့်ကြည့် လေ့လာရေး နဲ့ အစီရင်ခံတင်ပြရေးအဖွဲ့(CTFMR) ကြား ပူးပေါင်းဆောင်ရွက်နေတဲ့ ကလေး စစ်သားစုဆောင်းမှုကာကွယ်ရေး ပူးတွဲလုပ်ငန်းစီမံချက် အမြန်ဆုံး ပြီးမြောက်စေဖို့နဲ့လွှတ်တော်မှာ အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ဆောင်ရွက်နေတဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ မူကြမ်းအမြန်ဆုံး အတည်ပြုနိုင်ဖို့ ကိုလည်း ဒီတွေ့ဆုံမှုအတွင်း တိုက်တွန်းခဲ့ပါတယ်။
 
အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနဲ့UNICEF ကြား Plan of Action သဘောတူညီချက်ကို ၂၀၁၂ခုနှစ်က လက်မှတ်ရေးထိုးထားပြီး ၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်ကာလအတွင်း တပ်မတော်အတွင်းက အရွယ်မရောက်သေးသူတွေကို စိစစ်ကာ လူဦးရေ (၉၀၀)နီးပါးကို မိဘထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
 
 

Related News