ဧပြီ(၁) ရက်မှ ဇွန်လ (၁၉)ရက်အထိ မူးယစ်ဆေးဝါးတရားခံ စုစုပေါင်း(၃၂၀၀)နီးပါးကို အရေးယူထားပြီးဖြစ်တယ်လို့ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗစ်ရှင်းဗဟိုဌာန(MICC-2)မှာ ဇွန်လ(၂၆)ရက်က ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ သမ္မတဦးဝင်းမြင့်က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။


နိုင်ငံတော်သမ္မတဦးဝင်မြင့်အနေနဲ့ သမ္မတရာထူးကို ပြီးခဲ့တဲ့ မတ်လ(၃၀)ရက်မှာ ကတိသစ္စာပြုပြီး တာဝန်စတင်ယူခဲ့တဲ့နေ့မှာပဲ ပြည်သူတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မူးယစ်းဆေးဝါးတွေကို ပိုမိုနှိမ်နှင်းသွားမယ်လို့ ထည့်သွင်းပြောကြားထားပါတယ်။ ဧပြီလ(၁)ရက်ကစပြီး ဇွန်လ(၁၉)ရက်အထိ မူးယစ်ဆေးဝါးအမှုပေါင်း (၂၂၄၁)မှုကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်တရားခံစုစုပေါင်း (၃၁၇၅)ဦးကို အရေးယူထားနိုင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ ပါတယ်။

လူငယ်တွေကိုလူညွှန့်တုံးစေမယ့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ဖို့ ပြည်သူတစ်ရပ်လုံးအနေနဲ့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားကြဖို့ အရေးကြီိးတယ်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဆိုပါတယ်။ ဒါ့အပြင် ယခုအချိန်ထဲက မူးယစ်ဆေးဝါးအန္တရာယ်ကို ကာကွယ်တားဆီးမှုတွေမလုပ်ဆောင်နိုင်ရင် နောင်လာမည့် ဆယ်စုနှစ် အတွင်း မြန်မာနိုင်ငံအနေနဲ့ မတွေးဝံ့စရာ အခြေအနေကိုရောက်ရှိသွားနိုင်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေနဲ့ သမ္မတတာဝန်ကို ယူပြီးနောက်ပိုင်း ပြည်သူတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ မူးယစ်ဆေးဝါးတွေကို ပိုမိုနှိမ်နင်းဖို့ ပြောကြားခဲ့သလို ပြီးခဲ့တဲ့ မေလ၃၁ ရက်ကလဲ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့ပြီး အသေးစိတ်မှာကြားခဲ့တယ်လို့ သိရပါတယ်။၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံးက ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးဟာ  ကျပ်ငွေ သန်းပေါင်း (၂)သိန်း(၅)သောင်းကျော် တန်ဖိုးရှိပြီး ဒီမူးယစ်ဆေးဝါးတွေ ကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

 

Related News