ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကဦးဆောင်ပြီး Myanmar Overland Organizer groupနဲ့ ကယားပြည်နယ်အခြေစိုက် ကယန်းဌာနေ ခရီးသွားလုပ်ငန်းတို့က ပူးပေါင်းစီစဉ်တဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နဲ့ ပိုင်မြို့တွေကို နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်းခရီးစဉ်ဇူလိုင်လ(၂၆)ရက်မှာသွားရောက်မယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ဟာ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်တာဖြစ်တယ်လို့ ဇူလိုင်လ(၂၂)ရက်ကရန်ကုန်မြို့ vantage luxury hotel မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။

ကယားပြည်နယ် မယ်စဲ့မြို့နယ်နဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ကြားမှာရှိတဲ့ Border gate (BP 13) ဟာအခုနှစ်အတွင်းမှာ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ်သတ်မှတ်တော့မှာဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ဖိတ်ကြားမှု၊ ကယားပြည်နယ် အစိုးရအဖွဲ့ရဲလမ်းညွှန်မှုနဲ့ အတူ အခုလို နယ်စပ်ဖြတ်ကျော်ခရီးစဉ်ကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ကို ဇူလိုင်လ(၂၆) ရက်မှာရန်ကုန်မြို့ကနေစတင်ထွက်ခွာမှာဖြစ်ပြီး နေပြည်တော်မှတစ်ဆင့် ကယားပြည်နယ် လွိုင်ကော်မြို့ကိုသွားရောက်မှာဖြစ်ပါတယ်။

ဇူလိုင်လ(၂၇) ရက်မှာတော့ လွိုင်ကော်မြို့မှ ဖားဆောင်း- မယ်စဲ့- မယ်ဟောင်ဆောင်ကိုဖြတ်ကာ ပိုင်မြို့အထိမော်တော်ယာဉ်တန်းနဲ့ သွားရောက်ကြမှာဖြစ်ပါတယ်။ ဒီနယ်စပ်ဖြတ်ကျော် ယာဉ်တန်းခရီးစဉ်မှာ မော်တော်ယာဉ် အစီး(၂၀) နဲ့ လိုက်ပါသူ အယောက်(၈၀)ပါဝင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။အခုလိုနယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်တန်းခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်စေရေး၊ အာဆီယံဒေသ အချင်းချင်း ကူးသန်းဆက်သွယ်မှုနဲ့ နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုရစေရေး၊ နိုင်ငံအချင်းချင်းလွယ်ကူစွာဆက်သွယ်သွားလာနိုင်ရေးနဲ့ နယ်စပ်ဒေသ ခရီးသွားလုပ်ငန်းတွေ ပိုမိုဖွံဖြိုးလာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုခရီးစဉ်ဟာ Myanmar Overland Organizer Group ရဲ့ ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော်ခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News