ရန်ကုန်မြို့အတွင်း YBS ယာဉ်လိုင်းတွေ ပေးဆွဲပေးနေတဲ့ Power Elevenကုမ္ပဏီနဲ့ လူထုမိတ်ဆွေယာဉ်လိုင်းမှာ အမျိုးသမီးယာဉ်မောင်း(၈)ဦးထိ ရှိလာတယ်လို့ Power Eleven Public ကုမ္ပဏီမှသိရပါတယ်။ Power Eleven Public ကုမ္ပဏီအနေနဲ့ အမျိုးသမီးယာဉ်မောင်းတွေကို သင်မောင်းလိုင်စင်ရှိသူ၊ လိုင်စင်အနက်၊ လိုင်စင်အနီရှိသူတွေထဲက ရွေးချယ်ခေါ်ယူပြီး စာတွေ့လက်တွေ့သင်ကြားပြီးမှသာ သက်ဆိုင်ရာ  ယာဉ်လိုင်းတွေမှာ မောင်းနှင်စေတယ်လို့ သိရပါတယ်။ သင်တန်းမှာ အမျိုးသမီးယာဉ်မောင်းတွေကို  ကားပါကင်ကျွမ်းကျင်စွာဝင်နိုင်ဖို့နဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းသိရှိစေဖို့ကို သင်ကြားပေးပြီး  ယာဉ်လမ်းကြောင်း အကျွမ်းတစ်ဝင် ဖြစ်စေဖို့ကိုတော့ လက်တွေ့ စမ်းသပ်မောင်းနှင်စေတယ်လို့ သိရပါတယ်။

လက်ရှိအမျိုးသမီးယာဉ်မောင်း(၈)ဦးဟာ YBS(21)သီးသန့်ယာဉ်လိုင်းနဲ့ YBS(78)ယာဉ်လိုင်းတို့မှာ ဝင်ရောက်မောင်းနှင်နေပြီဖြစ်တယ်လို့သိရပါတယ်။အမျိုးသမီးယာဉ်မောင်းတွေအနေနဲ့ စတင်မောင်းနှင်ချိန်မှာတော့ ယာဉ်ကြောကြပ်တည်းမှုတွေကြောင့် အခက်အခဲအချို့ရှိခဲ့ပြီး လက်ရှိမောင်းနှင်နေရာမှာတော့ အဆင်ပြေနေပြီလို့သိရပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ အချို့ကတော့ အမျိုးသားယာဉ်မောင်းမဟုတ်တာကြောင့် မ၀ံ့မရဲစီးနင်းနေရတဲ့သူတွေရှိသလို အချို့ခရီးသည်တွေကတော့ အမျိုးသမီးမောင်းနှင်တာကို ကြိုက်နှစ်သက်တယ်လို့သိရပါတယ်။

Power Eleven Public ကုမ္ပဏီလက်အောက်က YBS(21)ယာဉ်လိုင်းမှာ ယာဉ်အစီးရေ(၅၁)စီးနဲ့ သီးသန့်ယာဉ်လိုင်း(၃၁)စီးရှိပြီး YBS(78) လူထုမိတ်ဆွေယာဉ်လိုင်းမှာတော့ အစီးရေ(၅၀)ရှိနေတယ်လို့သိရပါတယ်။လက်ရှိ  သင်တန်းတက်နေတဲ့ အမျိုးသမီးယာဉ်မောင်း(၂၀)ကျော် ရှိနေပြီး နောက်ပိုင်းမှာ လူထုမိတ်ဆွေယာဉ်လိုင်းတွေမှာ တာဝန်ပေးသွားမယ်လို့ သိရပါတယ်။

 

 

Related News