မောင်တောဒေသမှာ အကြမ်းဖက်မှုပြုလုပ်မယ့် သတင်းတွေ လတ်တလောမှာထွက်ပေါ်နေပြီး ဒါကိုစုံစမ်းနေသလို ဒီအပေါ်မှာ လုံခြုံရေးအဖွဲ့အစည်းတွေလည်း အသင့်အနေအထားရှိနေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကပြောပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာထွက်ပေါ်နေသလို  အကြမ်းဖက်သမားဝင်ရောက်မယ်ဆိုတဲ့သတင်းတွေကို အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း မြေပြင်သတင်းရရှိထားတာတွေရှိနေပြီး ဒီအပေါ်မှာ စုံစမ်းမှုတွေနဲ့ လုံခြုံရေးအသင့်ပြင်ထားတွေရှိနေတယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ မောင်တောဒေသမှာ လတ်တလောမှာတော့ တည်ငြိမ်နေပြီး လုံခြုံရေးအင်အားလည်း နှစ်ဆတိုးမြှင်ထားတာကြောင့် မစိုးရိမ်ဖို့အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ကောလာဟလကအစ အကြမ်းဖက်သမားတွနဲ့ ပတ်သက်တဲ့ သတင်းတွေကို လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ တစ်နာရီအတွင်း မြေပြင်သတင်းရရှိပြီး အောက်ခြေအဖွဲ့အားလုံးကိုလည်း တစ်နာရီတစ်ကြိမ် အကြောင်းကြားတာတွေ ပြုလုပ်နေတယ်လို့ပြောပါ တယ်။မောင်တောဒေသမှာ မကြာခဏဆိုသလို အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။မောင်တောဒေသမှာတော့ ၂၀၁၂ ခုနှစ် ၊ ၂၀၁၆ အောက်တိုဘာနဲ့ ၂၀၁၇ သြဂုတ်လအတွင်း အကြမ်းဖက် ဖြစ်စဉ်တွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံနဲ့လုံခြုံရေးအဖွဲ့ဝင်တွေ သေဆုံး၊ ပျောက်ဆုံးမှုတွေရှိထားပါတယ်။

လက်ရှိမှာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးတွေကို လုပ်ဆောင်နေပြီး ဒေသတည်ငြိမ်လာမှုအခြေအနေအရ ညမထွက်ရအမိန့်ပုဒ်မ(၁၄၄)ကိုလည်း ည(၆)နာရီကနေ မနက်(၆)နာရီအစား ည(၁၀)နာရီကနေ မနက်(၅)အထိ ပြောင်းလဲထုတ်ပြန်ထားတာဖြစ်ပါတယ်။ မောင်တောခရိုင်ဟာ ဧရိယာအကျယ်အ၀န်း ၁၃၆၅ မိုင် ကျယ်ဝန်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်းပိုင်းမိုင် (၁၂၀)ကျော်နဲ့ ရေမိုင်(နတ်မြစ်)အတွင်း (၃၉)မိုင် ဆက်စပ်မှုရှိနေတာဖြစ်ပါတယ်။ မောင်တော၊ ဘူးသီးတောင်မြို့နယ်နှစ်ခုနဲ့ တောင်ပြိုလက်ဝဲမြို့နယ်ခွဲတစ်ခုပါဝင်ပြီး ရပ်ကွက်(၁၈)ခု၊ ကျေးရွာပေါင်း(၇၂၀)ရှိကာ ယခင်စာရင်းတွေအရ အိမ်ထောင်စု တစ်သိန်းကျော်လူဦးရေ ရှစ်သိန်းကျော်ရှိပါတယ်။

Related News