ဆွာချောင်းရေလှောင်တမံရဲ့ရေပိုလွှဲပဲ့ကျမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေ၀င်ရောက်ခဲ့တဲ့ ကျေးရွာတွေက ပြည်သူတွေကိုကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းမှာရှိတဲ့ ဆွာချောင်းရေလှောင်တမံရဲ့ရေပိုလွှဲဟာ သြဂုတ်လ ၂၉ရက်နံနက်ပိုင်းမှာ ပဲ့ကျမှုဖြစ်ပွားခဲ့တာပါ။ ရေပိုလွှဲပဲ့ကျမှုကြောင့်ဆွာမြို့နယ်အပါအ၀င် အနီးအနားမြို့နယ်တွေက ကျေးရွာတွေမှာ လျှပ်တစ်ပြက်ရေကြီးရေလျှံမှုတွေကြုံတွေ့ခဲ့ရတာပါ။ ရေကြီးရေလျှံမှုတွေကြုံတွေ့ခဲ့ရတဲ့ ကျေးရွာ တွေက ပြည်သူတွေကို ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ တပ်မတော်နယ်မြေခံ တပ်ရင်း တပ်ဖွဲ့တွေ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းကတာဝန်ရှိသူတွေ အပါအ၀င်လူမှုရေး အသင်းတွေက ကူညီကယ်ဆယ်နေရာရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် ဆွာမြို့နယ်အတွင်းက သိုင်းဝကျေးရွာအုပ်စု၊ ကျွန်းတောစုကျေးရွာ၊ လှည်းကူးကျေးရွာ၊ သမားဆည် ကျေးရွာ ၊ကညင်အိုင်ကျေးရွာ၊ ဆီဆုံကုန်းကျေးရွာ၊ အေးသာယာကျေးရွာတို့အပါအ၀င်ကျေးရွာအများအပြား တို့မှာ ရေလွှမ်း မိုးမှုဖြစ်ပွားခဲ့ပြီး တုန်းကြီးကျေးရွာ၊ ဥယျာဉ်မှူး ကျေးရွာ၊ သိုင်းဝကျေးရွာနှင့် ကွင်းကြီးကျေးရွာ အုပ်စုရှိ အမတ်ကြီးခုံကျေးရွာ တို့မှာ ရေဝင်ရောက်နေကြောင်း သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။အဲဒီကျေးရွာတွေက ဒေသခံပြည်သူတွေကို တပ်မတော်က မော်တော်ဘုတ်တွေ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မော်တော်ဘုတ်တွေ အသုံးပြုကာ သွားရောက်ကယ်ဆယ်ပေးနေတယ်လို့ သိရပါတယ်။

ရေးဘေးသင့်ပြည်သူတွေကို ဆွာ မြို့နယ်၊ရေတာရှည်မြို့နယ်နဲ့ တောင်ငူမြို့နယ်တို့မှာရေးဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ကလှစ်ပေးထား တယ်လို့ သိရပါတယ်။ ဒါ့အပြင်ဆွာချောင်းရေလှောင်တမံရဲ့ရေပိုလွှဲပဲ့ကျမှုကြောင့် စစ်တောင်းမြစ်ကမ်းဘေးရှိ ကျေးရွာများ အနေဖြင့် အထူးသတိပြု နေထိုင်ကြဖို့် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ရေပိုလွှဲပဲ့ကျမှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ လမ်းဟောင်းနဲ့ ဆွာမြို့ တို့မှာလည်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅မိုင်၎ဖာလုံမှာရှိတဲ့ ဆွာချောင်းတံတာ ဟာ တစ်ပေခွဲခန့်နိမ့်ကျသွားခဲ့တာကြောင့်မနက်ပိုင်းမှာ ခေတ္တပိတ်ထားခဲ့ရကာ နေလည့်ပိုင်းမှာတော့ မော်တော်ယာဉ်အသေးတွေကို ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပြီး ညနေပိုင်းမှာ ခရီးသည်တင်ကားကြီးတွေကို ပေ၂၀၀အကွာလျှင် တစ်စီးနှုန်းနဲ့ ၅စီးတစ်လှည့် ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ရေလွှမ်းမိုးမှုအခြေအနေတွေနဲ့ နိမ့်ကျမှုဖြစ်ပွားခဲ့တဲ့ ဆွာချောင်းတံတား အခြေအနေတွေကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သြဂုတ်လ၂၉ရက်နံနက်ပိုင်းက လာရောက်ကြည့်ရှုခဲ့တယ်လို့သိရပါတယ်။ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျခဲ့မှုကို ပြန်လည် ပြင်ဆင်နိုင်ဖို့ရာ အတွက် မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ကို သြဂုတ်လ၂၉ရက်မှာပဲ စတင် ဆောင်ရွက်သွားမည်လို့ ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်မှုတွေအရ သိရပါတယ်။

 

 

Related News