ချောင်းသာကမ်းခြေရေရှည်တည်တံ့ဖို့နှင့် သာယာသန့်ရှင်းဖို့အတွက်သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် နေ့စဉ် ပူးပေါင်းဆောင် ရွက်လျှက်ရှိတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန (ဧရာဝတီတိုင်းဒေသကြီး)မှ တာဝန်ရှိသူက ပြောပါတယ်။ချောင်းသာကမ်းခြေရေရှည်တည်တံ့စေဖို့အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အပါအ၀င်သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကလည်း ဒေသန္တရအမိန့် ထုတ်ပြန် ကြေညာထားပြီး ကမ်းခြေသာယာသန့်ရှင်းဖို့အတွက် နေ့စဉ်လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ ကမ်းခြေသန့်ရှင်းသာယာစေဖို့အတွက် ဆောင်ရွက်နေတာ အခုအချိန်ဆို(၃)နှစ်ဝန်းကျင်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ကမ်းခြေသာယာဖို့ စတင်ဆောင်ရွက်စဉ်က ဒေသခံတွေနဲ့ အခြားဒေသတွေက ဈေးရောင်းချသူတွေကလည်း စည်းကမ်းမဲ့ ဈေးရောင်းချမှုတွေအပြင် စက်တပ်ယာဉ်တွေစည်းကမ်းမဲ့မောင်းနှင်မှုတွေပါ ရှိခဲ့တာကြောင့်  အခက်အခဲတွေကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီက တရားဝင်ဈေးရောင်းချဖို့အတွက် အခကြေးငွေကောက်ခံပြီး ရောင်းချခွင့်ပေးထားတယ်လို့ သိရပါတယ်။ ဈေးရောင်းချတဲ့အခါမှာလည်းအရက်ဘီယာတွေရောင်းချခွင့်မပြုဘဲ အခြားအစား အစာတွေကိုသာ ရောင်းချခွင့်ပြုထားတယ်လို့သိရပါတယ်။ အခုလို စည်းကမ်းတွေချမှတ်လိုက်တာကြောင့် ကမ်းခြေမှာ အရင်လို စည်းကမ်းမဲ့တာမျိုးတွေမရှိတော့ဘူးလို့ သိရပါတယ်။
ချောင်းသာကမ်းခြေကို လာရောက်အပန်းဖြေတဲ့သူတွေအတွက် လက်ရှိမှာစည်းကမ်းမဲ့အမှိုက်ပစ်တာတွေ ဈေးရောင်းချမှုတွေ မရှိအောင်ပြုလုပ်ထားတာကြောင့် သန့်ရှင်းစွာနဲ့ သွားလာနိုင်နေပြီလို့သိရပါတယ်။ ချောင်းသာကမ်းခြေမှာ တရားဝင်လိုင်စင်ရ ဟိုတယ်(၂၉)လုံးနဲ့ အခန်းပေါင်း(၁၃၀၀)ရှိပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီက လိုင်စင်ချထားပေးတဲ့ တည်းခိုရိပ် သာ အလုံး(၄၀)ရှိတယ်လို့ သိရပါတယ်။ 

 

 

Related News