အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့(Help Age International Myanmar )က မြန်မာနိုင်ငံအပါအဝင် နိုင်ငံ (၁၂) နိုင်ငံ က သက်ကြီးတွေရဲ့ အချက်အလက်များ ကောက်ခံထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သက်ကြီးများအား စောင့်ကြည့်သိမြင်ရေး အစီရင်ခံစာကို အခြားနိုင်ငံတွေနဲ့တန်းတူ ဒီဇင်ဘာလ(၁၂) ရက်က ရန်ကုန်မြို့Sky Star ဟိုတယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ကင်ညာ၊ လက်ဘနွန်၊ ပါကစ္စတန်၊ ဆီးဘီးယား၊ ဗီယက်နမ်စတဲ့ နိုင်ငံ (၁၂) နိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကောက်ခံပြီး ပြုစုထားတဲ့ အစီရင်ခံစာကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့ကတရားဝင်မိတ်ဆက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာထုတ်ပြန် ရတာကတော့ မြန်မာနိုင်ငံအတွင်း နောက်နှစ်တွေမှာ မြင့်တက်လာဖွယ်ရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းတွေရေးဆွဲရာမှာ အထောက်အကူပြုစေဖို့ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိလူဦးရေ ဆယ့်တစ်ယောက်မှာ တစ်ယောက်က သက်ကြီးရွယ်အိုဖြစ်ပြီး နောက်နှစ်ပေါင်း သုံးဆယ်ကြာရင်တော့ လေးယောက်မှာ တစ်ယောက်နှုန်း သက်ကြီးရွယ်အိုဖြစ်လာနိုင်တယ်လို့သိရပါတယ်။ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအဖွဲ့က သက်ကြီးရွယ်အိုတွေကို ကူညီစောင့်ရှောက်နိုင်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ၂၀၀၈ ခုနှစ်ကတည်းက နားလည်မှု စာချွန်လွှာရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ယခုပြုလုပ်တဲ့ အစီရင်ခံစာကတော့ အသက်ခြောက်ဆယ်နှင့်အထက်သက်ကြီးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီတဲ့ အနေအထားရှိရဲ့လားဆိုတာကို အဓိကထားလေ့လာခဲ့တာဖြစ်ပြီး စာတမ်းအရဆိုရင် အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်ကြပေမဲ့ ကူးစက်ရောဂါနဲ့ အခြားရောဂါတွေအပြင် သတိမေ့လျော့တာတွေ ခံစားနေရတယ်လို့သိရပါတယ်။ 

မြန်မာနိုင်ငံရဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်မှု အခြေအနေကိုပြောရရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခြေအနေနဲ့ အတူတူပါပဲ၊ သိပ်ပြီး ဖွံ့ဖြိုးလှသေးတယ်တော့ မဟုတ်ပေမဲ့ မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ စတင်ကြိုးစားနေတဲ့ အနေအထားတော့ရှိပါတယ်။ အခုစာတမ်းကတော့ သက်ကြီးရွယ်အိုတွေကို ဦးတည်ထားတာဖြစ်ပြီး ဒီစာတမ်းကနေတစ်ဆင့် အစိုးရပိုင်းဌာနတွေက သူတို့တွေရဲ့အခြေအနေကို အချက်အလက်တွေအရ သိမြင်စေဖို့ရည်ရွယ်တယ်လို့သိရပါတယ်။လူမှုဝန်ထမ်းဦးစီးဌာနက ယခုနှစ် အောက်တိုဘာလကစပြီး အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုတွေကို လူမှုရေးပင်စင်ထုတ်ပေးနေပြီ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေး ဥပဒေကိုလည်း ထုတ်ပြန်ထားပြီး ကော်မတီလည်းဖွဲ့စည်းထားကြောင်းသိရပါတယ်။  

 

 

Related News