ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးလုပ်ငန်းစဉ်တွေမှာ ပြည်တွင်း ကုမ္ပဏီအုပ်စုတွေ ကိုယ်တိုင် ပါဝင်လှုပ်ရှားလာနေပြီ ဖြစ်ပါတယ်။  ပြည်တွင်းမှာ လူသိများတဲ့ ကုမ္ပဏီလုပ်ငန်းစုတွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တစ်ဖက်တစ်လမ်း ပါဝင်တဲ့အနေနဲ့ ပလတ်စတစ်လျှော့ချရေးလုပ်ငန်းတွေထဲ ပါဝင် လှုပ်ရှားဆောင်ရွက် နေကြပါတယ်။ ရုပ်သံမီဒီယာလုပ်ငန်းဖြစ်တဲ့ Forever Group ကလည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလကတည်းက အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သန့်မြန်မာအဖွဲ့ကနေ ပလတ်စတစ်လျှော့ချရေး ဆိုင်ရာ အချက်အလက်တွေ ရယူပြီး ဝန်ထမ်းတွေကို ပလတ်စတစ်လျှော့ချရေး အသိပညာတွေ ပြန်လည်မျှဝေနေပါတယ်။ ဒီလို အသိပညာမျှဝေတာကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းကတည်းက ဆောင်ရွက်ခဲ့ပြီး Forever Group က ဝန်ထမ်းပေါင်းတစ်ထောင်ကျော်ကို ပလတ်စတစ်လျှော့ချရေးဆိုင်ရာအသိပညာတွေ မျှဝေပြီးဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ (၁၄) ရက်ကနေ (၂၀) ရက်အထိကို Green Week အဖြစ် သတ်မှတ်ပြီး အဲ့ဒီကာလအတွင်းမှာ MRTV-4၊ Chanel-7၊ မန္တလေး FM နဲ့ ပြုံးပလေးတို့ကနေ အမှိုက်စနစ်တကျစွန့်ပစ်ရေး ပလတ်စတစ်လျှော့ချရေးလုပ်ငန်းနဲ့ဆက်စပ်တဲ့ ရုပ်သံသတင်းနှင့် ပရိုဂရမ်တွေ ထုတ်လွှင့်လျက်ရှိပါတယ်။ပြည်တွင်းလုပ်ငန်းစုတစ်ခုဖြစ်တဲ့ City Mart Holding Company Ltd ကလည်း ပလတ်စတစ်လျှော့ချရေးလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ No Plastic Bag Day ကို ၂၀၁၃ ခုနှစ်ကတည်းက ဆောင်ရွက်နေတာပါ။ No Plastic Bag Day ကို လတစ်လရဲ့ နောက်ဆုံးအပတ်ထဲက တနင်္လာနေ့နဲ့ အင်္ဂါနေ့ကို သတ်မှတ်ပေးထားပြီး အဲဒီနေ့တွေမှာတော့ City Mart နဲ့ Market Place တို့မှာ ဈေးလာဝယ်သူတွေ ရဲ့ ပစ္စည်းတွေကို  ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးပေးတာတွေ မလုပ်ပေးဘူးလို့ သိရပါတယ်။

ပလတ်စတစ်အိတ်အစားထိုးအနေနဲ့ ပြန်လည်သုံးစွဲလို့ရတဲ့ အိတ်တွေရောင်းချပေးပြီး အဲ့ဒီအိတ်တွေနဲ့မဝယ်ချင်ရင်လည်း အိမ်ကနေ အိတ်တွေတပါတည်း ယူဆောင်လာပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို No Plastic Bag Day သတ်မှတ်တာကနေ ပြည်သူတွေ ပလတ်စတစ်အိတ်မသုံးမိအောင် တိုက်တွန်းနှိုးဆော်နေတာပဲ ဖြစ်ပါတယ်။ ဒီလို ပြည်တွင်းမှာ နာမည်ရပြီး ဝန်ထမ်းပေါင်းများစွာကို ခန့်အပ်ထားတဲ့ ကုမ္ပဏီလုပ်ငန်းစုတွေကိုယ်တိုင် ပလတ်စတစ်လျှော့ချရေး လုပ်ငန်းမှာ ပါဝင်လာတာက ကုမ္ပဏီက ဝန်ထမ်းတွေနဲ့အတူ အများပြည်သူကိုပါ ပလတ်စတစ် လျှော့ချသုံးစွဲရေး အသိပညာဖြန့်ဝေ ပေးနိုင်ဖို့ ဖြစ်တယ်လို့သိရပါတယ်။  

 

 

Related News