(၂၀၁၈)ခုနှစ်အတွင်းမှာ YRTA လက်အောက်ရှိ YBS ယာဉ်လိုင်းပေါင်း(၁၀၀)အထိ တိုးချဲ့ပြေးဆွဲပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ YBS စနစ်ကို ယာဉ်လိုင်းပေါင်း(၆၅)လိုင်းနဲ့ (၂၀၁၇)ခုနှစ် ဇန်န၀ါရီလ(၁၆)ရက်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ YBS စနစ်ဟာ (၂၀၁၈)ခုနှစ်မှာ ယာဉ်လမ်းကြောင်းအသစ်တွေ၊ ယာဉ်အသစ်တွေနဲ့ ယာဉ်လိုင်းပေါင်း (၁၀၀)အထိ တိုးချဲ့ပြေးဆွဲနိုင်ခဲ့သလို မှတ်တိုင်အသစ်(၁၅၀)ကိုလည်း တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၈)ခုနှစ် အောက်တိုဘာလ(၁၆)ရက်ကစတင်ပြီး JICA မှ ပညာရှင်များ၊ YRTA မှ တာဝန်ရှိသူတွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့စတဲ့ အဖွဲ့အစည်းတွေက YBS(7) ၊ YBS(57) ၊ YBS(4) ၊ YBS(72) ၊ YBS(89)စတဲ့ ယာဉ်လိုင်း(၅)လိုင်းကို စနစ်တကျဝင်ရောက်ရမယ့်မှတ်တိုင်နေရာများနဲ့ ခရီးသည်အတင်အချနေရာတွေကို သတ်မှတ်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။

ဒီယာဉ်လိုင်း(၅)လိုင်းကို လမ်းဘယ်ဘက်ဖြစ်တဲ့အတွင်းပိုင်းမှာတော့ ယာဉ်လိုင်း(၂)လိုင်းကို ခရီးသည်တင်ချရာနေရာတွေအဖြစ် မျဉ်းဖြူအံကွက်တွေရေးဆွဲပေးထားပြီး လမ်းရဲ့အပြင်ဘက်မှာတော့ ယာဉ်လိုင်း(၃)လိုင်းကို သတ်မှတ်ပေးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီယာဉ်လိုင်းအများစုမှာလည်း မသန်စွမ်းသူတွေနဲ့ မှတ်တိုင် မသိရှိသူများအတွက် မှတ်တိုင်သိရှိစေဖို့ ယာဉ်တွေပေါ်မှာ LEDစနစ် ၊အသံဖိုင်စနစ်တွေတပ်ဆင်ပြေးဆွဲပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။(၂၀၁၈)ခုနှစ် နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာတော့  Omni Focus ကုမ္ပဏီမှ Airport Shutter အပါအ၀င် ၊ YBS(20) ၊ YBS(83) ၊ YBS(98) ၊ YBS(99) စတဲ့ယာဉ်လိုင်း (၅)လိုင်းကို (၂၄)နာရီပြေးဆွဲပေးခဲ့တာဖြစ်ပါတယ်။

YBS ယာဉ်လိုင်း(၄)လိုင်းလုံးဟာ ခရီးသည်အများဆုံးသွားလာနေတဲ့ လှိုင်သာယာမြို့နယ်ကို အခြေပြုပြီး ပြေးဆွဲပေးတာဖြစ်ပြီး ကျန်ယာဉ်လိုင်းတစ်လိုင်းဖြစ်တဲ့ Airport Shutter ကတော့ လေဆိပ်ကနေ ဆူးလေအထိ ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ အခုလို(၂၄)နာရီ ပြေးဆွဲပေးခဲ့တဲ့ ယာဉ်လိုင်းတွေမှာလည်း ယာဉ်ထွက်ချိန်တွေကတော့ ယာဉ်တစ်စီးကို မိနစ်(၃၀)ကနေ (၄၅) မိနစ်ခြားတစ်စီးစီ ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။လက်ရှိမှာ YBS ယာဉ်လိုင်းပေါင်း(၁၀၀)လုံးမှာ ယာဉ်စီးရေ(၆၀၀၀)ကတော့ မှတ်ပုံတင်ထားပြီးဖြစ်ပေမယ့် ပြေးဆွဲပေးတဲ့ ယာဉ်စီးရေကတော့ (၄၂၀၀)၀န်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ခရီးသည်အများဆုံးစီးနင်းနေတဲ့ မြို့ထဲကို ပြေးဆွဲပေးတဲ့ ယာဉ်လိုင်းတွေကိုလည်း ည(၁၀)အထိပြေးဆွဲပေးဖို့အတွက် စီစဉ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ (၂၀၁၉)ခုနှစ် ဇန်န၀ါရီ(၁၆)ရက်မှာ ကျရောက်မယ့် YBS(၂)နှစ်ပြည့်အခမ်းအနားမှာလည်း (၂၀၁၈)ခုနှစ်အတွင်းမှာ ယာဉ်လိုင်းတွေနဲ့ပတ်သက်ပြီးဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကိုလည်း ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News