ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သည်များအား ဂုဏ်ပြုတဲ့အမ်းအနားကို မတ်လ (၁၂) ရက်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြုလုပ်ခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကြွင်းရှာဖွေမှတ်တမ်းတင်ရေးအေဂျင်စီ(DPAA) ရဲ့ အစီအစဉ်က တဆင့် စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးဒေသတစ်ဝိုက်မှာ မကြာမီက ရှာဖွေတွေ့ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံး၊ ပျောက်ဆုံး ကျန်ရစ်ခဲ့တဲ့ အမေရိကန်စစ်သည်တွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ လူသားရုပ်ကြွင်းတွေကို  မြန်မာနိုင်ငံအတွင်းမှ ပထမအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုကို ပြန်လည်သယ်ယူပို့ဆောင်မှာ ဖြစ်ပါတယ်။ ဒီ ရုပ်ကြွင်းတွေဟာ မည်သူမည်ဝါ၊ မည်သည့်အရာဖြစ်ကြောင်း ဖြစ်နိုင်ချေရှိသည်တို့ကို ဆက်လက်ခွဲခြမ်းစိတ်ဖြာရန်နဲ့ ရှာဖွေဖော်ထုတ်ရန်အတွက် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်အီရှိ DPAA ရဲ့ ဓာတ်ခွဲခန်းကို ဆက်လက် ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အကူအညီပေးမှုတွေအတွက် မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောပါတယ်။DPAA အနေနဲ့ မြန်မာနိုင်ငံအတွင်း ၂၀၀၃-၂၀၀၄ခုနှစ်မှာ ရှာဖွေရေးအစီအစဉ် (၃) ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်နဲ့ (၂၀၁၉) ခုနှစ်အတွင်း (၇) ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျန်ရစ်ပျောက်ဆုံးပြီး ရှာဖွေမတွေ့သေးတဲ့ အမေရိကန်စစ်သည် (၆၃၂) ဦး ရှိနေသေးတယ်လို့ သိရပါတယ်။

အရင်ကပြုလုပ်ခဲ့တဲ့ ရှာဖွေမှုရလဒ်တွေအရ စစ်သည်(၁၄) ဦးရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်ကာ ဖြစ်နိုင်ချေအများဆုံးရှိတဲ့ရုပ်ကြွင်းတွေကို ဆက်လက်ရှာဖွေဖော်ထုတ်သွားမယ်လို့ သိရပါတယ်။DPAA ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီအစဉ်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်း ပင်လယ်ကွေ့စစ်ပွဲ တစ်လျှောက် ကျဆုံး၊ ပျောက်ဆုံးခဲ့တဲ့ စစ်သည်အမှုထမ်း(၈၂၀၀၀)ကျော်နဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းဆီကို ရှာဖွေမှတ်တမ်းတင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ယူထားတယ်လို့ သိရပါတယ်။

 

 

Related News