YBS(58)ယာဉ်လိုင်းက ဧပြီလ(၂၁)ရက်ကစတင်ပြီး ယာဉ်အစီးရေအသစ်တွေနဲ့ စတင်ပြေးဆွဲပေးနေပြီဖြစ်ပါတယ်။ YBS(58)ယာဉ်လိုင်းဟာ သခင်မြပန်းခြံ၊ ကမ်းနားလမ်း၊ဗိုလ်တထောင်ဘုရား၊ လင်းစဒေါင်း၊ ရာဇာဓိရာဇ်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်းကနေ ကမ်းနားလမ်းတစ်လျှောက်သခင်မြပန်းခြံ အထိ ယာဉ်စီးခငွေကျပ် (၁၀၀)နဲ့ပြေးဆွဲပေးနေတဲ့ ယာဉ်လိုင်းဖြစ်ပါတယ်။YUPT ကုမ္ပဏီအနေနဲ့  YBS စနစ်စတင်ပြောင်းလဲချိန်ကတည်းက  YBS(58) ယာဉ်လိုင်းကို ၀ါစိမ်းနီယာဉ်တွေနဲ့စတင်ပြေးဆွဲပေးခဲ့ပြီး နောက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက အစီးရေ(၅၀၀)ထည့်ဝင်ပြီး ယာဉ်အ၀ါတွေနဲ့ပြောင်းလဲပြေးဆွဲခဲ့တာဖြစ်ပါတယ်။YBS(58) ယာဉ်လိုင်းကို လက်ရှိမှာ ယာဉ်သစ်အစီးရေ(၃၅)စီး အပါအ၀င် ယာဉ်အ၀ါ (၅)စီးနဲ့ပြေးဆွဲပေးနေတယ်လို့သိရပါတယ်။

YUPT ကုမ္ပဏီအနေနဲ့ လက်ရှိမှာတော့ ယာဉ်အသစ်အစီးရေ (၂၀၀)ကို ထပ်မံ ၀ယ်ယူထားတယ်လို့သိရပါတယ်။လက်ရှိမှာ ၀ယ်ယူထားတဲ့ ယာဉ်သစ်အစီးရေ(၂၀၀) ထဲကမှ အစီးရေ(၁၀၀)ကို လိုအပ်တဲ့ ယာဉ်လိုင်းတွေမှာ အစားထိုး ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ အစားထိုးပြေးဆွဲပေးသွားမယ့်ယာဉ်လိုင်းတွေက YBS(၇)ကို ဧပြီလ(၇)ရက်မှာ အစီးရေ(၃၅)စီး၊YBS(58)ကို ဧပြီလ(၂၁)ရက်မှာ အစီးရေ(၃၅)စီးနဲ့ပြောင်းလဲပြေးဆွဲပေးနေတာပါ။အခုလိုယာဉ်အစီးရေအသစ်တွေနဲ့ ပြောင်းလဲပြေးဆွဲပေးတာကြောင့် စီးနင်းတဲ့ ခရီးသည်တွေက အချိန်ကြာစောင့်ဆိုင်းမှုမရှိဘဲ အဆင်ပြေလာတယ်လို့ ခရီးသည်တစ်ချို့ကပြောပါတယ်။ဧပြီလ(၂၄)ရက်မှာတော့ YBS(58) ယာဉ်လိုင်းမှာကျန်ရှိနေတဲ့ ယာဉ်အ၀ါအစီးရေ(၄၀)ကို YBS(29)ယာဉ်လိုင်းမှာ ပြောင်းလဲပြေးဆွဲပေးသွားမှာဖြစ်ပြီး ဧပြီလ(၂၈)ရက်မှာတော့ YBS(4)ယာဉ်လိုင်းကို ယာဉ်အစီးရေ(၃၀)နဲ့ ပြောင်းလဲပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။နောက်ပိုင်းမှာလည်း ကျန်ရှိနေတဲ့ ယာဉ်သစ်အစီးရေ(၁၀၀)ကို YUPTကုမ္ပဏီလက်အောက်မှာရှိတဲ့ ယာဉ်လိုင်းတွေမှာ ခရီးသည်လိုအပ်ချက် အရ တိုးချဲ့ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။လက်ရှိ YUPT ကုမ္ပဏီလက်အောက်မှာပြးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း(၁၉)လိုင်းရှိပြီး ယာဉ်စီးရေပေါင်း(၁၀၀၀)ကျော်ရှိတယ်လို့သိရပါတယ်။

 

 

Related News