ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ အလှအပတွေကို အပေါ်စီးကနေ ကြည့်ရူခံစားနိုင်မယ့် ကောင်းကင်ကြိုးစီးစီမံကိန်း တည်ဆောက်မှု(၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်လို့ ဧပြီလ(၂၆)ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဟာ (၅၇.၇၅၂)ဧကရှိပြီး ဥယျာဉ်ထဲမှာ အများပြည်သူတွေ အပန်းဖြေလည်ပတ်နိုင်ဖို့ စက်ဘီးစီးတာတွေ၊ အပျော်စီး ကားနဲ့ လည်ပတ်တာတွေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ လူငယ်တွေအများစု စီးနင်းနိုင်မယ့် ကောင်းကင်ကြိုးစီး စီမံကိန်းကို တည်ဆောက်နေတာ (၁၀၀)ရာခိုင်နှုန်းပြီးစီးနေပြီး (၂၆)ရက်နေ့မှာ ဖွင့်လှစ်ပြီး အများပြည်သူကို စီးနင်းခွင့်ပြုသွားမှာဖြစ်တယ်လို့ Yangon zoo zip line Adventure Unit က တာဝန်ရှိသူကိုချမ်းမင်းက ပြောပါတယ်။Zip Line  planကောင်းကင်ကြိုးစီးစီမံကိန်းကို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ဖွင့်ချိန်ဖြစ်တဲ့နံနက်(၉)ကနေ ညနေ(၅)နာရီခွဲအချိန်အထိ စီးနင်းခွင့်ပြု သွားမှာဖြစ်ပါတယ်။ ကောင်းကင်ကြိုးစီးစီမံကိန်းတစ်ခုရဲ့ tower တစ်ခုအမြင့်မှာ ပေ(၆၀)ခန့်မြင့်ပြီး  tower နှစ်ခုအကွာအဝေးမှာ (၅၆၀)ပေခန့် ရှိတယ်လို့ သိရပါတယ်။

ကစားနိုင်တဲ့ကစားနည်းတွေအနေနဲ့  သစ်ပင်တက်ကစားနည်း၊ အမြင့်ကနေခုန်ချတဲ့ကစားနည်းတို့ ပါဝင်မှာဖြစ်ပါတယ်။ ဒီကစားနည်းတွေအတွက် တစ်ဦးကိုငွေကျပ်(၁၅၀၀)ကောက်ခံသွားမှာဖြစ်ပြီး ကောင်းကင်ကြိုးစီးအတွက် တစ်ဦးကိုငွေကျပ်(၄၀၀၀)ကောက်ခံ သွားမယ်လို့ သိရပါတယ်။ စီးနင်းမယ့်သူတွေအနေနဲ့ (၉၉)ပေါင်ကနေ(၂၄၂)အထိသာ ရှိရမှာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် အမေရိကန်နိုင်ငံ က ပစ္စည်းတွေကိုအသုးံပြုထားပြီး လုံခြုံရေးပိုင်းဆိုင်ရာစိတ်ချရစေဖို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်က ၀န်ထမ်းတွေနဲ့ စမ်းသပ်စီးနင်းနေတယ်လို့ Yangon Zoo Zip Line  Adventure Unit ကDirector  ကိုသော်ထက်သီဟက ပြောပါတယ်။ကောင်းကင်ကြိုးစီးစီမံကိန်းစီးနင်းရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေအဖြစ် စီးနင်းစဉ်အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းကို  တားမြစ်ထားပါတယ်။ ဒါ့အပြင် စိတ်ကျမ်းမာရေးခံစားရသူ၊ ကိုယ်ဝန်ဆောင်၊ ၀က်ရူးပြန်ရောဂါရှိသူ၊ မူးယစ်ဆေးသုးံစွဲထားသူ၊ သွေးတိုးဆီးချို ရောဂါရှိသူ၊ နာတာရှည်အရိုးအဆစ်ရောဂါရှိသူ၊ အမြင့်တက် စဉ်မူးဝေခြင်း၊ သတိလစ်မေ့မျောတတ်သူနှင့် နှလုံးပြဿနာရှိသူများ စီးနင်းရန် မသင့်ကြောင်း တားမြစ်သွားမယ်လို့ သိရပါတယ်။

 

 

Related News