ရန်ကုန်မြို့ရဲ့ ၀င်ပေါက်ထွက်ပေါက်တွေအပြင် အထင်ကရနေရာတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ CCTV  တွေတပ်ဆင် ထားပြီးဖြစ်ပေမယ့် မြို့လုံခြုံရေးနဲ့ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် CCTV တွေ ထပ်တပ်ဖို့ လုပ်ဆောင်နေပြီလို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။လူဦးရေနဲ့ ယှဉ်ရင် ရဲတပ်ဖွဲ့ဝင် အင်အားလိုအပ်နေသေးတဲ့ ရန်ကုန်ရဲ့လုံခြုံရေးအတွက် နည်းပညာပိုင်းကို ပိုမိုအဆင့်မြှင့် ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောပါတယ်။ ရန်ကုန်တိုင်းရဲ့ နေရာပေါင်း (၁၁၃၈)နေရာမှာ လက်ရှိ CCTV အလုံးပေါင်း (၂၉၉၅)လုံး တပ်ဆင်ထားပြီးဖြစ်ပေမယ့် လိုအပ်ချက်အရ ထပ်မံတပ်ဆင်မှာဖြစ်တယ်လို့ ပြောပါတယ်။ရန်ကုန်ရဲ့လုံခြုံရေးနဲ့မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်ရှိတဲ့ မီးပွိုင့်(၁၅၄)ပွိုင့်က CCTV တွေကို အသုံးပြုနေသလို မြို့နယ်အလိုက် တပ်ဆင်ထားတဲ့ လူထုအခြေပြု CCTV တွေလည်း ရှိနေတာဖြစ်ပါတယ်။

ဦးစားပေး CCTV ထပ်တပ်ဆင်မယ့် မြို့နယ်ကတော့ ရန်ကုန်မြို့ရဲ့လူဦးရေ အများဆုံးမြို့နယ်တစ်ခု ဖြစ်သလို တရားဥပဒေ စိုးမိုးရေး အလေးထားဆောင်ရွက်ရမယ့်နေရာတစ်ခုဖြစ်တဲ့ လူဦးရေ ခုနှစ်သိန်း လေးသောင်း ကျော်ရှိနေတဲ့ လှိုင်သာယာ ဖြစ်တယ်လို့ ၀န်ကြီးကပြောပါတယ်။ တရုတ်နိုင်ငံက ထောက်ပံ့တဲ့ CCTV အလုံး(၂၄၀)ထဲက (၁၄၀)ကို အမြန်ဆုံး တပ်ဆင်သွားမှာ ဖြစ်ပြီး ဒါပြီးရင် ဒဂုံမြို့သစ်လေးမြို့နယ်၊ အင်းစိန်၊ ရွှေပြည်သာမြို့နယ်တွေမှာ ထပ်မံတပ်ဆင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ သုံးနှစ်အတွင်း မှုခင်းဖြစ်ပွားမှု အခြေအနေတွေအပေါ်သုံးသပ်ပြီး ဦးစားပေးရွေးချယ်ထား တာဖြစ် ကာ ရွှေတိဂုံစေတီတော်မှာလည်း CCTV တွေထပ်မံတပ်ဆင်ဖို့ လေ့လာပြီးဖြစ်တယ်လို့ပြောပါတယ်။ရန်ကုန်တိုင်းမှာ နောက်ဆုံးသုံးနှစ်အတွင်း လူသတ်မှု၊ လုယက်မှု၊ ဓါးပြမှု၊ ဖောက်ထွင်းမှုအပါအ၀င် အမှုကြီးဆယ်မျိုး ဖြစ်ပွားမှုက ၂၀၁၆ ခုနှစ်မှာ (၄၆၉)မှု ၊၂၀၁၇ ခုနှစ်မှာ ၄၇၈ မှုနဲ့  ၂၀၁၈ခုနှစ်မှာ (၃၄၁)မှု ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

                        

Related News