ပလပ်စတစ်ရဲ့ဆိုးကျိုးတွေကို သိရှိလာပြီး ပလက်စတစ်အစားထိုးလူသုံးကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေကို သုံးစွဲမှုတွေများလာတယ်လို့သိရပါတယ်။စွန့်ပစ်ပလပ်စတစ်တွေဟာ ပျက်စီးဆွေးမြည့်ဖို့အတွက်နှစ်ထောင်ပေါင်းများစွာကြာမြင့်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် ပလပ်စတစ်လျှော့ချမှုကို အစိုးရအဖွဲ့အစည်းတွေ NGO တွေ ကုမ္ပဏီတွေကလုပ်ဆောင်နေကြပါတယ်။ ဒီထဲမှာ Zero Plastic လို့အမည်ပေးထားတဲ့ ပလပ်စတစ်အစားထိုးပစ္စည်းအရောင်းဆိုင်တစ်ခုလဲ အပါအ၀င်ဖြစ်ပါတယ်။ကိုကျော်ကျော်ထိုက်ကတော့ ပလက်စတစ်ရဲ့ ဆိုးကျိုးတွေကို ကိုယ်တိုင်သိရှိပြီး ပလက်စတစ်အစားထိုးလူသုံးကုန်ပစ္စည်းနဲ့ စားသောက်ကုန်ပစ္စည်းတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။ စတင်လုပ်ဆောင်ခဲ့တဲ့ (၂၀၁၈)နှစ်ကုန်ပိုင်းလောက်မှာ စိတ်ဝင်စားသူနည်းပါးခဲ့ပေမယ့် အခု (၂၀၁၈)ခုနှစ်အတွင်းမှာတော့ စိတ်ဝင်စားသူတွေများပြားခဲ့ပြီး ဈေးကွက်တွင်ကျယ်လာတယ်လို့ ကိုကျော်ကျော်ထိုက်က ပြောပါတယ်။

ပလပ်စတစ်ဝါးအစားထိုးပစ္စည်းတွေကတော့ ၀ါးနဲ့ပြုလုပ်ထားတဲ့ အအေးသောက်တဲ့ပိုက် ကွမ်းသီးဖတ်နဲ့ပြုလုပ်ထားတဲ့ ပန်းကန်ပြား ပန်ကန်လုံး ဇွန်း စတဲ့ စားသောက်ကုန်ပစ္စည်းတွေအပြင် အခြားလူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ ခေါင်းဘီး သွားတိုက်တံ ဓာတ်ဘူး ကော်ဖီခွက်အစရှိတာတွေကို ၀ယ်ယူရရှိနိုင်တယ်လို့ Zero Plastic ဆိုင်ပိုင်ရှင် ကိုကျော်ကျော်ထိုက်ကပြောပါတယ်။ပလပ်စတစ်ဝါးအစားထိုးပစ္စည်းတွေကို လူစိတ်ဝင်စားမှုနည်းပါးပေမယ့် အခုနောက်ပိုင်းမှာတော့ ၀ယ်ယူသူတွေများပြားလာတယ်လို့ Zero Plastic ဆိုင်မှ အရောင်းတာဝန်ခံ မချိုနွယ်ထွန်းကလည်း ပြောပါတယ်။ပလပ်စတစ်ပစ္စည်းတွေကို လျှော့သုံး ပြန်သုံး ပြန်လည်အစားထိုးသုံး စနစ်နဲ့ အသုံးပြုနိုင်ဖို့ကိုလည်း အဖွဲ့စည်းအသီးသီးက တိုက်တွန်းတာတွေ ကန်ပိန်းတွေကို ကုမ္ပဏီတွေ စာသင်ကျောင်းတွေနဲ့ မြို့နယ်တွေမှာ  လိုက်လံဟောပြောစည်းရုံးဆောင်ရွက်နေတာလဲဖြစ်ပါတယ်။

 

 

Related News