ပြည်တွင်းပြည်ပစားသောက်ကုန်နှင့် စားသောက်ကုန်သုံးဆိုင်ရာပစ္စည်းပြပွဲကို ဇူလိုင်လ(၁၂) ရက်က စတင်ပြီး မန္တလေးမြို့ မြို့တော်ခန်းမမှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ပြည်တွင်းပြည်ပစားသောက်ကုန်နဲ့ စားသောက်ကုန်သုံးဆိုင်ရာပစ္စည်းပြပွဲကို Great Organization Group က ကြီးမှူးကျင်းပတာဖြစ်ပြီး မန္တလေးမြို့ မြို့တော်ခန်းမမှာ ဇူလိုင်လ (၁၂) ရက်မှ (၁၅) ရက်အထိ (၄) ရက်ကြာ ပြသရောင်းချသွားမယ်လို့ သိရပါတယ်။ ဒီပြပွဲကို ပြည်တွင်းစားသောက်ကုန်နဲ့ တိုင်းရင်းသားရိုးရာ အစားအစာ တွေကို စားသုံးသူတွေသိရှိစေဖို့၊ ပြည်တွင်းက အစားအစာနဲ့ စားသောက်ကုန်တွေဟာ ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတာ စားသုံးသူတွေသိရှိစေဖို့နဲ့ ပြည်ပစားသောက်ကုန်တွေကို စားသုံးသူတွေ ပိုပြီးသိရှိစေဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့သိရပါတယ်။ပြပွဲမှာ ဆိုင်ခန်းပေါင်း (၁၅၀) ကျော် ပါဝင်ပြသရောင်းချနေပြီး ပြည်တွင်းစားသောက်ကုန်နဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေအပြင် ထိုင်း၊ကိုရီးယား၊ဂျပန်၊တရုတ်၊အိန္ဒိယအစားအစာနဲ့စားသောက်ကုန်တွေကို ပြသရောင်းချနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းတွေလည်း ပါဝင်ပြသရောင်းချနေတယ်လို့ သိရပါတယ်။Great Organization Group အနေနဲ့ ပြည်တွင်းပြည်ပစားသောက်ကုန်နှင့် စားသောက်ကုန်သုံးဆိုင်ရာ ပစ္စည်းပြပွဲ ကို မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပြီး အခုပြုလုပ်နေတဲ့ပြပွဲကို နေ့စဉ် နံနက် (၉) နာရီမှ ည (၉) နာရီအထိ ပြသရောင်းချပေးသွားမယ်လို့ သိရပါတယ်။

 

 

Related News