မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်ရဲ့ အကြီးအကဲအဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကတိခံယူခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကင်းထောက်အကြီးအကဲအဖြစ် ကတိခံယူခြင်းအခမ်းအနားကို ဇူလိုင်လ(၂၀)ရက်က ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မိခင်ဒေါ်ခင်ကြည်ကလည်း အမျိုးသမီးကင်းထောက်ချုပ်ဟောင်းဖြစ်သလို ကိုယ်တိုင်ကလည်း အရင်က အမျိုးသမီး ကင်းထောက်တစ်ဦး ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခမ်းအနားကို ကင်းထောက် ၀တ်စုံနဲ့တက်ရောက်ခဲ့ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးမင်းသူ၊ ဒေါက်တာမျိုးသိမ်းကြီး ၊ ဒေါက်တာမြင့်ထွေး၊  ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေ ၊ တက္ကသိုလ်အသီးသီးရဲ့ ပါမောက္ခချုပ်တွေ ၊ အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။အဲဒီနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကင်းထောက်အကြီးအကဲအဖြစ်လက်ခံကာ ကတိခံယူပါတယ်။

အရင်အစိုးရလက်ထက်မှာတော့ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်နာယကအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကင်းထောက်လှုပ်ရှားမှုတွေကို ၁၉၁၆ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအခြေအနေအရ ၁၉၆၄ ခုနှစ်မှာ ကင်းထောက်လှုပ်ရှားမှုတွေ ရပ်နားသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် (၄၈)နှစ်အကြာ ၂၀၁၂ ခုနှစ်မှာ ကင်းထောက်အဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ် သြဂုတ်လမှာ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှာ လက်ရှိအဖွဲ့ဝင်ပေါင်းခြောက်သောင်းကျော်ရှိနေပြီဖြစ်ပြီး ၂၀၂၀မှာ အဖွဲ့ဝင်တစ်သိန်းထိရှိလာဖို့ မျှော်မှန်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ တက္ကသိုလ်အလိုက် ကင်းထောက်အဖွဲ့တွေဖွဲ့ပြီးဖြစ်သလို တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကင်းထောက်အဖွဲ့တွေမှာ ၀န်ကြီးချုပ်တွေက နာယက ၊ လူမှုရေးဝန်ကြီးတွေက ဥက္ကဋ္ဌ၊ ပညာရေးမှူးတွေက အတွင်းရေးမှူးအဖြစ် ဖွဲ့စည်း ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။အခမ်းအနားအပြီးမှာတော့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ ပဲခူးဆောင်ကိုသွားရောက်ကြည့်ရှု့ခဲ့သလို ၊ ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသား၊ကျောင်းသူတွေ အနားယူအပန်းဖြေနိုင်ဖို့ အသစ်တည်ဆောက်ထားတဲ့ ကံ့ကော်ဥယျာဉ်အတွင်း အထိမ်းအမှတ်ကံ့ကော်ပင် စိုက်ပျိုးပေးခဲ့ပါတယ်။

 

 

Related News