သတင်းစာတွေကို မိုဘိုင်လ်းအက်ပလီကေရှင်းနဲ့ သတင်းပေါ်တယ်တွေက တစ်ဆင့်အလွယ် တကူ ကြည့်ရှုနိုင်ဖို့ပြုလုပ်တဲ့ မြန်မာဒီဂျစ်တယ်သတင်းစာကို စတင်မိတ်ဆက်ခဲ့ပါတယ်။မြန်မာဒီဂျစ်တယ်သတင်းစာစတင် မိတ်ဆက်ခြင်းအခမ်းအနားကို နေပြည်တော်မှာရှိတဲ့ သင်္ဂဟဟိုတယ်မှာ ဇန်န၀ါရီလ ၁၁ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ တာဝန်ရှိသူတွေ၊ ဖိတ်ကြားထားသူတွေ တက်ရောက် ခဲ့ကြပါတယ်။ ယခုမိတ်ဆက်ခဲ့တဲ့ မြန်မာဒီဂျစ်တယ်သတင်းစာ မိုဘိုင်လ်းအက်ပလီကေးရှင်းနဲ့ သတင်း ပေါ်တယ်တို့မှာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေလျှက်ရှိတဲ့ ကြေးမုံ၊ မြန်မာအလင်းနဲ့  The Global New Light of Myanmar သတင်းစာတွေက သတင်းတွေကို နံနက်၆နာရီ ထိုးတာနဲ့ စတင်ဖတ်ရှုနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ဆုံးရသတင်းတွေနဲ့ အခြားကဏ္ဍတွေဖြစ်တဲ့ ရုပ်သံအစီအစဉ်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ၊ တိုင်းရင်းသားရေးရာ ကဏ္ဍတွေပါဝင်တယ်လို့ ဆိုပါတယ်။
 
မြန်မာဒီဂျစ်တယ်သတင်းစာ မိုဘိုင်လ်းအက်ပလီကေးရှင်းနဲ့ သတင်းပေါ်တယ်တို့ကို မြန်မာဘာသာနဲ့အပြင် နိုင်ငံခြားကိုရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေ ဖတ်ရှုနိုင်ဖို့နဲ့ နိုင်ငံခြားသားတွေပါ ဖတ်ရှုနိုင်ဖို့အတွက်အင်္ဂလိပ်ဘာသာစကားနဲ့ပါ အသုံးပြုနိုင်ကာ နောက်ပိုင်းမှာ မိုးလေ၀သ အခြေအနေတွေ၊ တောင်သူတွေအတွက် သတင်းအချက်အလက်တွေကိုပါ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။ ယခုမိတ်ဆက်ခဲ့တဲ့ မြန်မာဒီဂျစ်တယ်သတင်းစာမိုဘိုင်လ်း အက်ပလီကေးရှင်းနဲ့ သတင်းပေါ်တယ်တို့ကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနဲ့ Megalink Advanced Technology ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်တာလို့ သိရပါတယ်။