မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ World Letwei Championship-2  ပြိုင်ပွဲကို ဇွန်လ (၁၀)ရက်နေ့ ည(၆)နာခွဲအချိန်မှစတင်ကာ ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမမှာ တွဲဆိုင်း(၈)ဆိုင်းနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ World Letwei Championship-2   ပြိုင်ပွဲကို မြန်မာ့လက်ခမောင်းCompany ဒုတိယအကြိမ်မြောက်စီစဉ်ကျင်းပတာဖြစ်ပြီး အခုပြိုင်ပွဲကို တွဲဆိုင်း(၉)ဆိုင်းစီစဉ်ခဲ့ပေမယ့် ကြယ်လင်းအောင်တွဲဆိုင်းဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဘိုစတာကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆိုင်ကယ် Accident  ဖြစ်ခဲ့တာကြောင့် တွဲဆိုင်းတစ်ဆိုင်းပျက်ခဲ့ပါတယ်။ World Letwei Championship-2  ပြိုင်ပွဲအစောဆုံးပွဲစဉ်အဖြစ် ၀ယ်တာဝိတ်တန်း(၄)ချီ ပြိုင်ပွဲမှာ စည်သူနဲ့ ရှမ်းလေးတို့ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အနိုင်ရှုံးမပေါ်ခဲ့ပဲ အမှတ်ပေးနဲ့ ရှမ်းလေးက အနိုင်ရရှိခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်အဖြစ် မစ်ဒယ်ဝိတ်တန်းအဖြစ် ပိုက်ထွေးနဲ့ ရဲရင့်အောင်တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ကာအကြိတ်နယ်ရှိခဲ့ပြီး နောက်ဆုံးမှာတော့ အမှတ်ပေးနဲ့ ပိုက်ထွေးက အနိုင်ရရှိခဲ့ပါတယ်။ ၀ယ်တာဝိတ်တန်း အဖြစ် စိန်းမျိုးအောင်နဲ့ ဖိုးလပြည့်ပွဲစဉ်မှာတော့ မထင်မှတ်ပဲ ဒုတိယအချီမှာ အလဲထိုးနဲ့ ဖိုးလပြည့်ကအနိုင်ရရှိသွားခဲ့ပါတယ်။ ၀ယ်တာဝိတ်တန်းပြိုင်ပွဲအဖြစ် ထက်အောင်ဦးနဲ့ ကျားပေါက်ပွဲစဉ်မှာတော့ ဒုတိယအချီမှာ ထက်အောင်ဦး နဖူးကွဲသွားခဲ့ပြီး ဆရာဝန်ကခွင့်မပြုတော့တာကြောင့် ကျားပေါက်က ဒုတိယအချီမှာပဲအနိုင်ရရှိသွားခဲ့ပါတယ်။

 သွေးသစ်ဝင်းလှိုင်နဲ့ ရွှေရာမာန်ပွဲစဉ်မှာ တော့ ပရိသတ်များထင်မှတ်ထားသလို အကြိတ်နယ်ရှိခဲ့ပြီး နောက်ဆုံးမှာအမှတ်ပေးနဲ့ သွေးသစ်ဝင်းလှိုင်ကအနိုင်ရရှိသွားခဲ့ပါတယ်။ နောက်ထက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဖိုးသော်နဲ့ ဖစ်ဇ်ရွိုင်း (သြစတြေးလျ)နိုင်ငံသားပွဲစဉ်မှာ ပရိသတ်အားပေးမှုကြောင့် ကြည့်ကောင်းခဲ့ပြီး စတုတ္ထအချီမှာ ဖိုးသော်ရဲ့ထိုးချက်နဲ့ ဖစ်ဇ်ရွိုင်း မယှဉ်ပြိုင်တော့တာကြောင့် ဖိုးသော်အနိုင်ရရှိ သွားခဲ့ပါတယ်။ 

နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ တူးတူးနဲ့ မွေထိုင်းချန်ပီယံ ပင်သစ်မှ ဂျိမ်းစ်ဘီနယ်လ် တို့ပွဲစဉ်မှာ ကြည့်ကောင်းခဲ့ပြီး အရှုံးနိုင်မပေါ်ခဲ့ပဲ ဒီုင်များရဲ့ဆုံးဖြတ်ချက်နဲ့ တူးတူးကရှုံးပွဲ မရှိစံချိန်တစ်ခုကို ထိန်းနိုင်ခဲ့ပါတယ်။နောက်ဆုံးပွဲစဉ်တစ်ပွဲအဖြစ်အဓိကတွဲဆိုင်းဖြစ်တဲ့ စိုးလင်းဦးနဲ့ ဗြိတိန် ၁ ချန်ပီယံ အာသာ ဆာလာဒိုက် (ပိုလန်) နိုင်ငံသားတို့ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး စိုးလင်းဦးက ကြိုးစားထိုး သတ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒိုင်များရဲ့ဆုံးဖြတ်ချက်နဲ့ စိုးလင်းဦး ရှုံးနမ့်သွားခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ WLC-2  ကိုတော့ပရိသတ်များ အားပေးမှု အပြည့်ဝရှိခဲ့ပြီး Host  အဖြစ် သရုပ်ဆောင်နိုင်နိုင်၊ သီချင်းသီဆိုဖျော်ဖြေဖို့အတွက် မိုက်မိုက်ဆိုင်းDJ  ၀ိုင်းတို့နဲ့ စည်စည်ကားကားကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်လာမယ့် WLC   ပြိုင်ပွဲတွေကိုတော့ မှုလက စီစဉ်ထားသလို (၁)လတစ်ကြိမ်ကနေ (၃)လတစ်ကြိမ်မှသာကျင်းပပြုလုပ် ဖြစ်တော့မှာလို့လည်းသိရပါတယ်။

Related News