လေးနိုင်ငံဖိတ်ခေါ် Lethwei Nation Fight  မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဇွန်လ ၂၅ ရက် နေ့လယ် ၁ နာရီခွဲအချိန်က သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ လက်ဝှေ့တွဲဆိုင်း ၇ဆိုင်းနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Lethwei ပထမဦးဆုံးပြည်တွင်းတွဲဆိုင်း ၁ ဆိုင်းဖြစ်တဲ့ ဆလိုင်းချမ်းမြေ့ကို နှင့် ရဲရင့်သွေးတို့ပွဲစဉ် အကြိတ်အနယ်ရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ပူးတွဲသရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။ နောက်ထပ် ပြည်တွင်းတွဲဆိုင်းအဖြစ် ဒေါင်းဖြူလေးနဲ့ ခွန်လင်းထက်တို့ပွဲစဉ်ကလည်း ပူးတွဲသရေသာ ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ နိုင်ငံတကာပွဲစဉ်များ စတင်ခဲ့ရာ ကရင်လေး(မြန်မာ)နဲ့ ဘွန်နန်(ထိုင်း)တို့ပွဲစဉ်မှာတော့ ကရင်လေးရဲ့ထိုးချက်တွေကြောင့် ပထမအချီမှာပဲ ဘွန်နန် (ထိုင်း)ကိုအလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မိုးဟိန်းနဲ့ ကမ္ဘောဒီးယားကစားသမား လိုင်ဖေးတို့ပွဲစဉ်မှာတော့ တတိယအချီအရောက်မှာ မိုးဟိန်းကဆေးရှုံးနဲ့ ရှုံးနိမ့်လို့သွားခဲ့ပါတယ်။ ကြယ်စင်ဖြိုး (မြန်မာ)နဲ့ ဒင်ဘိုဆိုင်း (ထိုင်း) တို့ပွဲစဉ်မှာတော့ အကောင်းဆုံးထိုးသတ်ခဲ့ကြပေမယ့် ပူးတွဲသရေရလဒ်သာထွက်ခဲ့ပါတယ်။  ဆက်လက်ပြီးတော့ မိုက်ရိုင်းနဲ့ ဥဇဘက်ကစ္စတန်သား တိုလာဘေး တို့ပွဲစဉ်မှာတော့ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး စတုတ္ထအချီ ၂ မိနှစ်နဲ့ ၃၂ စက္ကန့်မှာတော့ မိုက်ရိုင်း(မြန်မာ)က အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အဓိကတွဲဆိုင်းဖြစ်တဲ့ နောက်ဆုံးပွဲစဉ်မှာတော့ စောဂေါ်မူဒို (မြန်မာ) နဲ့ ဖရော့စမွေ (ခေါ်) ၀ီဂျစ်တို့ပွဲစဉ်မှာ မျှော်လင့်ထားသလို ပရိသတ်အကြိုက်မဖြစ်ခဲ့ပဲ ၅ ချီအတွင်း အရှုံးအနိုင်မပေါ်ခဲ့ကာ ပူးတွဲသရေသာဖြစ်ခဲ့ပါတယ်။ Lethwei Nation Fight   ပွဲစဉ်ကတော့ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်တာဖြစ်ပြီး ရိုးရာလက်ဝှေ့ ပရိသတ်အများအပြားလည်း လာရောက်အားပေးခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

 

 

Related News