မန်ယူအသင်းဝါရင့်တိုက်စစ်မှူးရွန်းနီအနေနဲ့ (၂၀၀၄) ခုနှစ်မှာ အဲဗာတန်အသင်းကနေ မန်ယူအသင်း ကိုပြောင်းရွှေ့ခဲ့ပြီး၊ လက်ရှိ (၁၃) နှစ်အကြာမှာတော့ မန်ယူအသင်းကနေ အသင်းဟောင်းအဲဗာတန်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တယ်လို့သိရပါတယ်။ အဲဗာတန်လူငယ်အကယ်ဒမီစီမံကိန်းကနေထွက်ပေါ်လာခဲ့တဲ့ ရွန်းနီအနေနဲ့ အဲဗာတန်အသင်းမှာ (၂) ရာသီကြာပါဝင်ကစားခဲ့ပြီးနောက် (၂၀၀၄) ခုနှစ်အရောက်မှာ မန်ယူအသင်းကို ပြောင်းရွှေ့ကြေးပေါင် (၂၇) သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အသက် (၁၈) နှစ်အရွယ်မှာ မန်ယူအသင်းကိုရောက်ရှိလာခဲ့တဲ့ ရွန်းနီက တော့ အသင်းနဲ့အတူ နှစ်ပေါင်း (၁၃) နှစ်ကြာပါဝင်ကစားခဲ့ပြီး၊ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါ လိဂ်ဆုဖလားအပါအ၀င် ဆုဖလားအမျိုးအစား (၅) မျိုးကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရွန်းနီအနေနဲ့ မန်ယူအသင်းမှာ ပွဲစဉ်ပေါင်း (၅၅၉) ပွဲအထိပါဝင်ကစားခဲ့ပြီး၊ သွင်းဂိုးပေါင်း (၂၅၃) ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်လက်ရွေးစင်အသင်းအတွက် ပွဲစဉ်ပေါင်း (၁၁၉) ပွဲပါဝင်ကစားထားရာမှာ သွင်းဂိုး (၅၃) ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရွန်းနီဟာ မန်ယူအသင်းရဲ့စီနီယာအကျဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့ပေမယ့်လည်း အသက် (၃၂) နှစ်အရွယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် ခြေစွမ်းပိုင်းကျဆင်းလာခဲ့ပြီး၊ လူကာကူကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့မန်ယူအသင်းအနေနဲ့ ရွန်းနီကိုပြောင်းရွှေ့ကြေးရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အလွတ် ပြောင်းရွှေ့ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ရွန်းနီအနေနဲ့ အသင်းဟောင်းအဲဗာတန်အသင်းကိုပြန်လည်ပြောင်းရွှေ့ခဲ့တာနဲ့ပတ်သတ်ပြီး များစွာ စိတ်လှုပ်ရှားမိကြောင်း၊ အဲဗာတန်အသင်းနဲ့အတူ အောင်မြင်မှုတွေဆွတ်ခူးလိုကြောင်းနဲ့ လူကာကူပြောင်းရွှေ့ သွားခဲ့ပါက လစ်လပ်သွားမယ့်ကျောနံပါတ် (၁၀) ကိုဝတ်ဆင်ကစားဖွယ်ရှိကြောင်းသိရပါတယ်။

 

 

Related News