AFC အာရှ ယူ-၂၃ ခြေစစ်ပြိုင်ပွဲများ အပြီးမှာတော့ အုပ်စု (၁၀)အုပ်စုမှ ပထမရတဲ့အသင်းများနဲ့ အကောင်းဆုံး ဒုတိယရတဲ့ အသင်း(၆)သင်းလည်း ထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ AFC အာရှ ယူ -၂၃ ခြေစစ်ပွဲစဉ် အုပ်စု (F) ရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ  မြန်မာအသင်းက သြစတေးလျအသင်းကို(၃)ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး အုပ်စုဒုတိယနေရာနဲ့ သာကျေနပ်ခဲ့ရပါတယ်။ မြန်မာအသင်းကို အနိုင်ရရှိခဲ့တဲ့ သြစတေးလျ အသင်းကတော့ အုပ်စုပွဲစဉ်(၃)ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ရမှတ်(၉)မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်ကာ တရုတ်နိုင်ငံမှာ ကျင်းပမယ့်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွေကိုဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

အုပ်စုအဆင့်(၂)နေရာမှ မြန်မာအသင်းအနေနဲ့ အကောင်းဆုံးအုပ်စုဒုတိယ အသင်း (၆)သင်းမှပါဝင်ခဲ့ပါက ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ခွင့်ရှိ ခဲ့ပေ မယ့် ခြေစစ်ပွဲစဉ်တွေအားလုံး ပြီးဆုံးချိန်မှာ အဆင့်(၈)နေရာမှာရပ်တည်ခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ AFC အာရှ ယူ -၂၃ ခြေစစ်ပြိုင်ပွဲများ အပြီးမှာတော့ ခြေစစ်ပွဲကိုအောင်မြင်တဲ့ အသင်း(၁၆) သင်း ထွက်ပေါ်ခဲ့ပြီး အသင်း(၁၀)သင်းက အုပ်စုပထမနေရာနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ကာ အသင်း (၆)သင်းက အကောင်းဆုံးအုပ်စုဒုတိယနေရာနဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ အုပ်စုပထမနေရာမှ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်း(၁၀)သင်းမှာတော့ အရှေ့တောင်အာရှမှ (၁)သင်းပါဝင်ခဲ့ပါတယ်။ 

အရှေ့တောင်အာရှမှအသင်းကတော့ မလေးရှားအသင်းဖြစ်ပြီး ကျန်တဲ့ အသင်း(၉)သင်းမှာ တရုတ်၊ အိုမန်၊ အီရတ်၊ ကာတာ၊ ဥစ္စဘတ် ကစ္စတန်၊ ပါလက်စတိုင်း၊ သြစတြေးလျ၊ မြောက်ကိုးရီးယားနဲ့ တောင်ကိုရီးယားအသင်းတို့ ဖြစ်ပါတယ်။ အကောင်းဆုံးအုပ်စုဒုတိယနေရာမှ ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အသင်း(၆)သင်းမှာ အာရှတိုက်မှ ဆီးရီးယား၊ ဂျော်ဒန်၊ ဂျပန်နဲ့ ဆော်ဒီအာရေဗျအသင်း၊ အရှေ့တောင်အာရှမှ ထိုင်း၊ ဗီယက်နမ်အသင်းတို့ဖြစ်ပြီး တရုတ်နိုင်ငံမှာ ကျင်းပမယ့်၂၀၁၈ AFC  အာရှယူ-၂၃ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီလည်း ဖြစ်ပါတယ်။  

 

         

Related News