ဇူလိုင်လ(၂၃)ရက်နေ့ကနေ ယှဉ်ပြိုင်ကစားခဲ့တဲ့ (၂၀၁၇)ခုနှစ် ရွှေခါးပတ်ချန်ပီယံလုပွဲ ဆီးမီးဖိုင်နယ် ပွဲစဉ်များကို ယှဉ်ပြိုင်ခဲ့ပြီး ဇူလိုင်(၃၀)ရက်နေ့မှာတော့ ဗိုလ်လုပွဲတွေကို သိမ်ဖြူလက်ဝှေ့ အားကစားရုံမှာပဲ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရွှေခါးပတ်ချန်ပီယံလုပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင်(၂၃)ရက်နေ့ နေ့လယ် (၂) နာရီက ၀ိတ်တန်း ၇ တန်း၊ တွဲဆိုင်း ၁၄ ဆိုင်း၊ အထူးစိန်ခေါ်ပွဲ ၁ ပွဲနဲ့ကျင်းပခဲ့ပါတယ်။ အထူးစိန်ခေါ်ပွဲအဖြစ် ရဲသွေးနီ (တောင်ကလေး)နဲ့ ကရင်လေး (ခ) ဖာဒါ့ဝယ် (ဖီးနစ်)တို့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ ရဲသွေးနီက အသာစီးထိုးသတ်ခဲ့ပြီး ပထမအချီမှာ ကရင်လေး အနားတောင်းခဲ့ရ ခဲ့ပါတယ်။ ဒုတိယအချီ အရောက်မှာတော့ ရဲသွေးနီ ထိုးချက်တွေကြောင့် ၂ မိနစ်နဲ့ ၄၀ စက္ကန့် မှာ ကရင်လေးကို အလဲထိုး အနိုင်ရခဲ့ပါတယ်။ ကရင်လေးအနေနဲ့ အခုပွဲစဉ်ဟာ ရိုးရာလက်ဝှေ့ကို ဒုတိယအကြိမ်မြောက် ထိုးသတ်တဲ့ပွဲဖြစ်ပြီး ပထမပွဲစဉ်မှာတော့ ထိုင်းကစားသမားကို အလဲထိုးအနိုင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ရွှေခါးပတ်ချန်ပီယံ ဗိုလ်လုပွဲကိုတော့ ဇူလိုင်လ(၃၀)ရက်နေ့ သိမ်ဖြူကစားကွင်းမှာ ဆက်လက် ကျင်းပသွားမှာဖြစ်ပြီး နာမည်ကြီးကစားသမား တချို့လည်း ဗိုလ်လုပွဲကိုတက်ရောက် နိုင်ခဲ့ပါတယ်။ ၇၁-ကီလိုတန်းမှာတော့ စိုးထက်ဦး (S.T.L) နဲ့ သွေးသစ်အောင် (သုံးပန်လှ)၊ ၆၇-ကီလိုတန်းမှာ  ဖိုးလပြည့် (ရွှေဖူး)နဲ့ ရွှေမင်းရာဇာ (မြိုင်ကလေး) တို့ကဗိုလ်လုပွဲမှာထိုးသတ်ရမှာဖြစ်ပါတယ်။ ရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲရဲ့နောက်ဆုံးပွဲမှာ နိုင်ငံတကာအထူးစိန်ခေါ်ပွဲကတော့ သပြေညို (မြန်မာ)နဲ့ ဒိုင်ခိခနဲကို (ဂျပန်)တို့က ထိုးသတ်သွားမှာပဲဖြစ်ပါတယ်။

 

 

Related News