မြန်မာနိုင်ငံက BMX စီးသူတွေအချင်းချင်းစုပြီး BMX Day  ကို မနှစ်ကစပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၃ရက်ကလည်း လှည်းတန်း ဂုံးတံတားအောက်မှာ တစ်နိုင်ငံလုံးက BMX စီးသူတွေ တွေ့ဆုံခဲ့ကြပါတယ်။ ဒါကတော့ အခုနှစ်အတွက် BMX Day 2017 ဖြစ်ပါတယ်။ သူကတော့ မန္တလေးက ထက်ဝေယံဦးပါ။ BMXကစားနည်းတွေထဲကမှ မြန်မာနိုင်ငံက ရှားရှားပါးပါး flat Land ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို တစ်နှစ်တစ်ခါလုပ်တဲ့ BMX Day ရောက်ပြီဆိုသူက မန္တလေးကနေ ရန်ကုန်ကိုလာပြီး ကစားပြလေ့ရှိပါတယ်။ ရေပြင်ညီကြမ်းခင်းပေါ်မှာ အလှကွက်တွေ ဖန်တီး ကစားရတဲ့ BMX ရဲ့ Flat Land ကစားပုံက လှည်းတန်းဂုံးတံတားအောက်နဲ့တော့ အဆင်တော့သိပ်မပြေဘူးလို့ ပြောပါတယ်။

ဒါပေမယ့် သူ့ကစားပြတဲ့ အလှကွက်တွေကြောင့် BMX Day က ပိုပြီးပြည့်စုံစေသလို လူငယ် BMX သမားတွေအတွက်လည်း အတုယူစရာပါ။ တကယ်တော့ အခုနှစ် BMX Day ကို ကစားရနေရာကျယ်တဲ့ ပြည်သူ့ရင်ပြင်မှာ လုပ်ဖို့စီစဉ်ထားပေမယ့် ရာသီဥတုကြောင့် မိုးလုံတဲ့ လှည်းတန်းဂုံးတံတားအောက်ကို ပြောင်းလိုက် ရတာပါ။ BMX Day ဟာ BMX Street  ကစားနည်းအတွက် အဓိက ကျင်းပတာဖြစ်ပြီး Street နဲ့ပတ်သတ်တဲ့ အခုန်၊ အလှည့်၊ အကွက် ပြိုင်ပွဲတွေပါဝင်ပါတယ်။ ဒီနေ့ဟာ BMX စီးသူတွေစုံစုံလင်လင်တွေ့ရတဲ့နေ့ဖြစ်ပြီး အချင်းချင်းပညာ ဖလှယ်နိုင်တဲ့အခွင့်အရေးလည်း ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေကပြောပါတယ်။

ကွင်းအခက်အခဲကြောင့် လမ်းဘေးမှာကြုံသလိုလေ့ကျင့်နေရတဲ့ BMX ကို အားကစားလို့ မမြင်သူတွေလည်းရှိတယ်လို့BMX ကစားသမားတွေကပြောပါတယ်။ ဒါပေမယ့် ဒီလို လမ်းဘေးက BMXကစားသမား ဘ၀ကနေ ဆီးဂိမ်းပြိုင်ပွဲအတွက်လူရွေးတဲ့ပွဲမှာ တစ်နိုင်ငံလုံးမှာ တတိယရခဲ့ သလို နိုင်ငံ့လက်ရွေးစင်အတွက် ပဏာမ ရွေးချယ်ခံခဲ့ရသူကတော့ ကိုဥာဏ်ဝင်းမောင်ပါ။

 

 

Related News