လက်ရှိမှာအားကစားဝါသနာရှင်တွေအားလုံးစိတ်ဝင်စားနေတဲ့အကြောင်းအရာဟာ ဘာစီလိုနာအသင်း ကနေ PSG အသင်းကိုပြောင်းရွှေ့တဲ့ နေမာရဲ့ အပြောင်းအရွှေ့သတင်းဖြစ်ပြီး သူ့ရဲ့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေးနဲ့ ပတ်သက်တဲ့ ထူးခြားမှုများစွာရှိနေပါတယ်။ PSG အသင်းဟာ နေမာကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းသတ်မှတ်ထားတဲ့ စာချုပ်လျော်ကြေး ယူရို(၂၂၂)သန်းပေးချေခဲ့ပြီး(၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။
 
လက်ရှိနေမာရဲ့ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်း ဟာ ကမ္ဘာ့စံချိန်တင်ဖြစ်ပြီး ပြီးခဲ့ရာသီက ဂျူဗင်တပ်စ်အသင်းကနေ မန်ယူကို စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၀၅)သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ ပေါ့ဘာ ပြောင်းရွှေ့ကြေးရဲ့ (၂)ဆကျော်ထိရှိနေပါတယ်။
 
ဒါ့အပြင် ဈေးကွက်တန်ဖိုး ပေါင်(၄၄)သန်း သတ်မှတ်ခံထားရတဲ့ ပရီးမီးယားလိဂ်တန်းတက် ဟက်ဒါဖီးလ်တောင်းလို အသင်း(၄၄)သင်း စာအထိရှိနေပါတယ်။ နေမာရဲ့ပြောင်းရွှေ့ကြေး ယူရို(၂၂၂)သန်းဟာ ပြီးခဲ့တဲ့ရာသီက 
ပြင်သစ်လိဂ်ဂူးချန်ပီယံ မိုနာကိုအသင်းကိုလည်း ဈေးကွက်တန်းကြေးအရ ၀ယ်ယူနိုင်မှာဖြစ်သလို ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ ချယ်ဆီးအသင်းရဲ့ ဆုကြေးနဲ့ ရုပ်သံလွှင့်ခ တို့ကိုလည်းပေးချေနိုင်မှာဖြစ်ပါတယ်။
 
ဒါ့အပြင် ဂျာစီတစ်ထည်ကို ယူရို (၁၄၀)နဲ့ ရောင်းချနေတဲ့ PSG အသင်းရဲ့ ဂျာစီပေါင်း(၁.၅)သန်းကျော်ကိုလည်း ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ကစားသမားပြောင်းရွှေ့ ကြေးတွေဟာ နှစ်စဉ်နဲ့အမျှမြင့်တက်နေပြီး လက်ရှိနေမာပြောင်းရွှေ့ကြေးဟာ (၁၉၉၅)ခုနှစ် စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အလန်ရှီးယားပြောင်းရွှေ့ကြေးရဲ့ (၁၃)ဆရှိနေသလို (၂၀၀၁)ခုနှစ် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဇီဒန်ပြောင်းရွှေ့ကြေးရဲ့(၄)ဆထိရှိနေပါတယ်။
 
 
 
 

Related News