၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ SEA Games   မှာ သွားရောက်ယှဉ်ပြိုင် ကစားမဲ့ အားကစားသမားတွေအနေနဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ကို အရင်းတည်ပြီး အစွမ်းကုန် ကြိုးပမ်းကြဖို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကတိုက်တွန်းလိုက်ပါတယ်။သြဂုတ်လ ၄ ရက်က နေပြည်တော်မှာရှိတဲ့ ၀ဏ္ဏသိဒ်္ဓိအားကစားရုံမှာ ပြုလုပ်ခဲ့တဲ့ ၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မဲ့ မြန်မာအားကစား အဖွဲ့တွေကို ဒုတိယသမ္မတက လမ်းညွန်အမှာစကားပြောကြားခြင်းနဲ့အောင်နိုင်ရေးအလံ အပ်နှင်းပွဲမှာ ပြောကြားခဲ့တာပါ။ 
 
၂၉ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ  SEA Games ကို သွားရောက်ယှဉ်ပြိုင်ဖို့ ရက်အနည်းသာလိုတော့ပြီး ရက်ရှည်လေ့ကျင့်ထားတာတွေကို ပြိုင်ပွဲမှာ အစွမ်းကုန်ထုတ်သုံးဖို့ နဲ့ ကာယပိုင်းရော စိတ်ဓာတ်ပိုင်းပါ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေရန် လိုအပ်ကြောင်းလဲ မှာကြားခဲ့ပါတယ်။ ယခုအားကစားပြိုင်ပွဲဟာ နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး လူမျိုးနဲ့ ဂုဏ်သိက္ခာအတွက်ပါ ဆက်စပ်လာတဲ့အတွက် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် မှတ်ယူပြီး ပြိုင်ပွဲတိုင်းကို အနိုင်ရရှိအောင်ကစားကြဖို့လဲဒုတိယသမ္မတကပြောကြားခဲ့ပါတယ်။ 
 
၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ SEA Games  မှာ အားကစားနည်း ၃၈ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း၂၉ မျိုးမှာ ၀င်ရောက် ယှဉ်ပြိုင်ကစားမှာဖြစ်ကာ ကစားသမားနဲ့  အုပ်ချုပ်သူနည်းပြတွေအပါအ၀င် စုစုပေါင်း ၅၉၀ ဦးခန့် သွားရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ SEA Games ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ သြဂုတ်လ ၁၉ ရက်ကနေ ၃၁ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမယ်လို့ သိရပါတယ်။
 
 
 

Related News