အိန္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဗိုဗီနမ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဗိုဗီနမ်အားကစားအဖွဲ့က ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခု၊ကြေးတံဆိပ်(၉)ခုရရှိခဲ့ပြီး ဒီကနေ့မှာတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ သြဂုတ်လ(၁)ရက်နေ့ကနေ (၅)ရက်နေ့ထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗိုဗိနမ်ပြိုင်ပွဲကို နိုင်ငံပေါင်း(၁၈)နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားပေါင်း (၄၃)မျိုး ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲကိုတော့ မြန်မာ့လက်ရွေးစင် ဗိုဗီနမ်အားကစားအဖွဲ့က ပြိုင်ပွဲအမျိုးအစား(၁၅)မျိုး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အမျိုးသား (၅)ဦး၊ အမျိုးသမီး(၃)ဦးနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၉)ခု ရရှိကာ နိုင်ငံအလိုက်အဆင့် (၇)ရရှိခဲ့တာ ဖြစ်ပါတယ်။
 
မြန်မာ့လက်ရွေးစင် ဗိုဗိနမ်အားကစားအဖွဲ့ကတော့ ယခုပြိုင်ပွဲကို လေ့ကျင့်ပြင်ဆင်ချိန် (၁)လကျော်သာ ရရှိခဲ့ပေမယ့် ပြိုင်ပွဲမှာ ဆုတံဆိပ်တွေရရှိခဲ့တာလည်း ဖြစ်ပါတယ်။ရွှေတံဆိပ်ဆု တွေကိုတော့ အမျိုးသား(၄)ယောက်တွဲ (Male Multiple)ပြိုင်ပွဲမှာ မျိုးထွန်းအံ့၊ မနားကွီး၊ ချမ်းမြေ့အောင်၊ ရဲဝင့်ထူးတို့အတွဲနဲ့  အမျိုးသမီး ဓါးမြောင်(၂)လက် အပြပြိုင်ပွဲမှာ ခိုင်ဝါဖူးတို့က ရရှိခဲ့တာ ဖြစ်ပါတယ်။
 
ဗိုဗီနမ်အားကစားနည်းကတော့ (၂၀၁၁)အင်ဒိုနီးရှားဆီးဂိမ်းနဲ့ (၂၀၁၃)က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ပြီး ယခုနှစ် မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာတော့ ဗိုဗိနမ်အားကစားနည်းက ပါဝင်ခြင်း မရှိဘူးလို့ သိရပါတယ်။
 
 
 

Related News