မြန်မာ့လက်ရွေးစင်ယူ-၁၈အသင်းနဲ့ အင်တာမီလန်ယူ-၁၈အသင်းတို့ရဲ့ ခြေစမ်းပွဲ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို သြဂုတ်လ(၁၀)ရက်နေ့ နေ့လည်(၂)နာရီက ရန်ကုန်မြို့ Novotel Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်ယူ-၁၈အသင်းနဲ့ အင်တာမီလန်ယူ-၁၈အသင်းတို့ရဲ့ ခြေစမ်းပွဲကိုတော့ သြဂုတ်လ(၁၁) ရက်နေ့နဲ့ (၁၃)ရက်နေ့တွေမှာ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အင်တာမီလန်ယူ-၁၈ အသင်းက အီတလီစီးရီးအေလူငယ်ပြိုင်ပွဲမှာ ချန်ပီယံရရှိထားတဲ့အသင်းတစ်သင်းဖြစ်ပြီး အခုမြန်မာနိုင်ငံခရီးစဉ် ကိုတော့ ကစားသမား(၂၁)ဦးနဲ့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ 
 
မြန်မာ့လက်ရွေးစင်ယူ-၁၈အသင်းက ၂၀၁၇ခုနှစ် အာဆီယံယူ-၁၈ပြိုင်ပွဲနဲ့ ၂၀၁၈ အာရှယူ-၁၉ခြေစစ်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေတာဖြစ်ပြီး အခု ခြေစမ်းပွဲကနေ ကစားသမားများအတွက် အတွေ့အကြုံကောင်းများ ရရှိစေရန် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ အင်တာမီလန်ယူ-၁၈အသင်းက အီတလီ၊ စပိန်၊ ပြင်သစ်၊ ဘယ်ဂျီယံနိုင်ငံတို့မှ လက်ရွေးစင် လူငယ်ကစားသမားအများစု ပါဝင်လာခဲ့ပြီး (၂၀၁၆) UEFA U-17 ပြိုင်ပွဲမှာ နိုင်ငံလက်ရွေးစင် အဖြစ် ကစားခဲ့ကြတဲ့ ကစားသမားအများစု ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။အင်တာမီလန်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာက မြန်မာအသင်းရဲ့ ခြေစွမ်းကို ပြိုင်ပွဲကျ တွေ့မြင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲကနေ အတွေ့အကြုံကောင်းတွေ ရရှိမယ်လို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
 
မြန်မာယူ-၁၈အသင်းနဲ့ အင်တာမီလန်ယူ-၁၈အသင်းတို့ရဲ့ ခြေစမ်းပွဲကိုတော့ ယနေ့ညနေ(၆)နာရီနဲ့ သြဂုတ်လ(၁၃)ရက် ညနေ(၆)နာရီမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေအနေနဲ့ 
အထူးတန်းကို (၅၀၀၀)ကျပ်နဲ့ ရိုးရိုးတန်းကို (၂၀၀၀)ကျပ်နဲ့ (၃၀၀၀)ကျပ်ဆိုပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် For Sports  ရုပ်သံလိုင်းနဲ့ Pyone Play Facebook Page တို့မှာလည်း တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
 
 
 
 

Related News