မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းက ဇူလိုင်လ၁၂ရက်နေ့ကနေ ၂၅ရက်နေ့ထိ ဂျပန်နိုင်ငံမှာ ခြေစမ်းပွဲ(၄)ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး ဇူလိုင်လ၂၅ရက်နေ့မှာတော့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအနေနဲ့ အဆိုပါ ခြေစမ်းပွဲမှာတော့ (၁)ပွဲနိုင်၊ (၃)ပွဲရှုံး ရလဒ်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာ ပဏမကစားသမား(၂၅) ဦးနဲ့ လေ့ကျင့်ပြင်ဆင်နေပြီး ဆီးဂိမ်းပြိုင်ပွဲနီးမှ အပြီးသတ် လူစာရင်းရွေးချယ်သွားမယ်လို့ သိရပါတယ်။မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ဆီးဂိမ်းပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတတိယ အအောင်မြင်ဆုံး အသင်းအဖြစ်ရပ်တည်နေပြီး အမြင့်ဆုံးအောင်မြင်မှုအဖြစ်  ငွေတံဆိပ်ဆုသာ ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။
 
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအနေနဲ့ အခုမလေးရှား ဆီးဂိမ်းပြိုင်ပွဲမှာ ထိုင်း၊ဗီယက်နမ်၊ မလေးရှား၊ဖိလစ်ပိုင် နိုင်ငံများနဲ့ (၄)သင်း ပတ်လည် ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အမှတ်အများဆုံးရရှိတဲ့ (၂)သင်းကသာ ဗိုလ်လုပွဲကို တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ အုပ်စုအဆင့်(၃)နဲ့ အဆင့်(၄) နေရာမှာရပ်တည်တဲ့ အသင်းနှစ်သင်း ကတော့တတိယနေရာလုပွဲကိုယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိဖို့အတွက် ရည်မှန်းထားပြီး ပြိုင်ပွဲအတွက် အစွမ်းကုန်လေ့ကျင့် ပြင်ဆင်နေတာလဲ ဖြစ်ပါတယ်။
 
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ဇူလိုင်လ(၂၉)ရက်နေ့မှာတော့ မန္တလေးမြို့မှာ သွားရောက် လေ့ကျင့်မှာ ဖြစ်ပြီး မန္တလေးအကယ်ဒမီအမျိုးသားဘောလုံးအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။အဲဒီနောက်မှာတော့ နေပြည်တော်သို့ ဆက်လက်သွားရောက်မှာ ဖြစ်ပြီး နေပြည်တော် အားကစား သိပ္ပံအသင်းနဲ့ ခြေစမ်းပွဲကစားသွားမယ်လို့ သိရပါတယ်။
 
 
 

Related News