၂၀၁၉အာရှဖလား ခြေစစ်ပွဲယှဉ်ပြိုင်ကစားမယ့် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာဂျစ်စတန် အသင်းတို့ရဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ(၉)ရက်နေ့ နေ့လည်(၂)နာရီက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။     မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာဂျစ်စတန်အသင်းတို့ရဲ့ အာရှဖလားခြေစစ်ပွဲ အုပ်စု တတိယမြောက် ပွဲစဉ် အဖြစ် အောက်တိုဘာလ(၁၀)ရက်နေ့ ည(၇)နာရီအချိန်မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အသင်းက ယခုပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် အောက်တိုဘာလ(၅)ရက်နေ့က မန္တလေးမြို့မှာ ထိုင်းအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ စည်သူအောင်နဲ့ ဒေးဗစ်ထန်တို့ဟာ ဒဏ်ရာပြဿနာအနည်းငယ်ရှိပြီး မြန်မာအသင်းရဲ့ တိုက်စစ်မှုးတစ်ဦးဖြစ်တဲ့ ဒွေးကိုကိုချစ်ကလည်း ဒဏ်ရာပြဿနာကြောင့် ကာဂျစ်စတန် အသင်းနဲ့  ပွဲစဉ်မှာ လွဲချော်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာဂျစ်စတန်အသင်းရဲ့ အုပ်စုတတိယမြောက်ပွဲစဉ်ကို စက်တင်ဘာလ(၅)ရက်နေ့က ကာဂျစ်စတန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပေမယ့် လုံခြုံရေး အခြေအနေကြောင့် ပျက်ပျယ်သွားခဲ့ ရတာဖြစ်ပါတယ်။အဲဒါကြောင့် ရန်ကုန်မြို့မှာ ယှဉ်ပြိုင် ကစားမယ့် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာဂျစ်စတန် အသင်းတို့ရဲ့ပွဲစဉ်ကို လုံခြုံရေး တင်းကျပ်သွားမှာဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်ကလည်း လုံခြုံရေးတာဝန်ခံ တစ်ဦး စေလွှတ် သွားမယ်လို့ သိရပါတယ်။မြန်မာ့လက်ရွေးစင်အသင်းက အာရှဖလားခြေစစ်ပွဲ အုပ်စု(က)မှာ အိန္ဒိယ၊ မကာအို၊ ကာဂျစ်စတန်အသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေတာဖြစ်ပြီး အုပ်စုပွဲစဉ်(၂)ပွဲ ယှဉ်ပြိုင် ကစားအပြီးမှာတော့ ရမှတ်(၃)မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

 

 

Related News