BMX ကစားနည်းကို အခုနောက်ပိုင်း စီးနင်းလာတဲ့ ကစားသမားပိုမိုများပြားလာပေမယ့် လေ့ကျင့်ရေးတွေလို BMX ကွင်းသီးသန့်မရှိတာကြောင့် ကစားသမားတွေကတော့ အခက်ကြုံနေရပါတယ်။ 
BMX ကစားနည်းက (၁၉၇၀)ခုနှစ်နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ ကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ (၂၀၁၅)ခုနှစ်နောက်ပိုင်း မှလူသိများလာခဲ့တာဖြစ်ပါတယ်။ BMX  ကစားသမားတွေက ကစားကွင်းမရှိတဲ့အတွက် လမ်းဘေးမှာ ကစားရတာကြောင့်  အားကစားလို့ လက်မခံကြသူတွေလည်း ရှိပါတယ်။BMX ကစားနည်းကို လေ့ကျင့်ရာမှာ အထိအခိုက် တွေများတာ ကြောင့် ကစားသမားတွေရဲ့ မိဘတွေကတော့ မကြိုက်ကြပါဘူးလို့ သိရပါတယ်။

BMX စီးနင်းကြသူတွေ အနေနဲ့ လက်ရှိလှည်းတန်းဂုံးတံတားအောက်က စကိတ်အားကစားအဖွဲ့ရဲ့ ကွင်းမှာသာ စီးနင်းမှုတွေ ပြုလုပ်နေ ကြပြီး အလှပြဖန်တီးကစားရတဲ့ Flat Land ကစားပုံနဲ့ အခုန်၊ အလှည့်၊ အကွက်တွေ ပါဝင်တဲ့ Streetလို ကစားပုံတွေဆိုရင် ဂုံးတံတားအောက်က အဆင်မပြေမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်ရဲ့ တိုင်ကြားမှုကြောင့် ကစားသမားတွေအနေနဲ့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

Myanmar BMX Association BMX ကို Racing ၊ Flatland ၊ Street ၊  Park ၊ darkjump ဆိုပြီးအမျိုးအစားခွဲကာ ကစားကြပါတယ်။ ပြည်တွင်းမှာ BMX ကစားနည်းကို စိတ်ပါဝင်စားတဲ့ လူငယ် များ စွာ ရှိနေပြီး သူတို့တွေအတွက် ကစားကွင်း ကတော့ ရန်ကုန်မြို့မှာ မရှိသလောက် ရှားပါးနေပါတယ်။ ဒါ့ကြောင့် ကစားသမားတွေကတော့ လေ့ကျင့် ရေးကွင်းလို BMX ကွင်းသီးသန့် ပေါ်ထွက်လာဖို့  ဆန္ဒရှိနေကြပါတယ်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ BMX ရဲ့ Racing ကစားနည်းပါဝင်ပြီး အခုလိုလမ်းဘေးမှာ ကစားခဲ့ရတဲ့  BMX ကစားသမားတွေထဲက ဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမရွေးချယ်ခံခဲ့ရသူတွေလည်း ရှိခဲ့ပါတယ်။ ပြည်တွင်းမှာ အခုလို ကစားကွင်း ရှားပါးမှုအပြင် လေ့ကျင့်ရေးပစ္စည်းပါ ရှားပါးတယ်လို့ ကစားသမားတွေဆီက သိရပါတယ်။

 

 

Related News