(၂၀၁၈)ခုနှစ် နိုဝင်ဘာလထဲမှာ   မြန်မာနိုင်ငံက ကမ္ဘာ့ဘိလိယက်နဲ့စနူကာပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားဖို့ရှိတယ်လို့သိရပါတယ်။ ဒီပြိုင်ပွဲအတွက်ကို မြန်မာနိုင်ငံဘိလိယက်နဲ့ စနူကာအားကစား အဖွဲ့ချူပ်မှာ ဇူလိုင်လ (၂၃)ရက်ကစပြီး  လူရွေးချယ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပမဲ့ ကမ္ဘာ့ဘိလိယက်နဲ့စနူကာပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား (၅) မျိုးပါဝင်သွားမှာဖြစ်ပါတယ်။ အဲဒီကစာနည်းတွေကတော့ အမှတ် (၁၅၀) ဘိလိယက်ပြိုင်ပွဲ ၊ Long Point ဘိလိယက်ပြိုင်ပွဲ ၊ အလွတ်တန်းစနူကာပြိုင်ပွဲ ၊ အသက်   (၄၀)နှစ်အထက် အမျိုးသားစနူကာပြိုင်ပွဲ နဲ့ အမျိုးသမီးအလွတ်တန်းစနူကာပြိုင်ပွဲတို့ဖြစ်ကြပါတယ်။ဒီပြိုင်ပွဲကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း (၄၀) ကျော်မှ ကစားသမား(၂၀၀)ကျော်လောက်ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။ 

ယခုလူရွေးပွဲမှာ  မြန်မာ့လက်ရွေးစင်ဘိလိယက်နဲ့စနူကာ အားကစားသမားအပြင် တိုင်းနဲ့ပြည်နယ်အသီးသီးက ဘိလိယက်နဲ့စနူကာကစားသမားများကိုပါ ဖိတ်ခေါ်ယှဉ်ပြိုင်စေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီကစားသမားတွေထဲမှာတော့ (၂၀၁၈) ခုနှစ် မတ်လအတွင်းမြန်မာနိုင်ငံမှာပဲ အိမ်ရှင်အဖြစ်ကျင်းပခဲ့တ အာရှ ယူ-၂၁ စနူကာပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပူပူနွေးနွေး ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့တဲ့ စနူကာကစားသမား အောင်ဖြိုး တစ်ယောက် ကတော့ ပါဝင်လာခြင်းမရှိခဲ့တာလည်းတွေ့ရပါတယ်။မြန်မာအသင်းအနေနဲ့ ဘိလိယက်ကစားနည်းမှာ  ပဏာမကစားသမား (၈)ဦးကိုရွေးချယ်ထားခဲ့ပြီး အဲဒီထဲကမှ (၅) ဦးကိုထပ်မံ ရွေးချယ်သွား မှာဖြစ်ပါတယ်။  စနူကာကစားနည်းမှာ တော့ ပဏာမကစားသမား (၁၆)ဦးကိုရွေးချယ်ခဲ့ပြီး (၅)ဦးကို ရွေးချယ်သွားမှာဖြစ်ကြောင်းသိရပါတယ်။

 

 

 

Related News