မန္တလေးမြို့မှာ သြဂုတ်လ (၁) ရက်နေ့ကနေ (၅) ရက်နေ့အထိကျင်းပမယ့် Alpine Cupဘောလုံးပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ(၃၁)ရက် ဒီကနေ့ညနေက မန္တလေးဟိုတယ်ရွှေပြည်သာမှာ ပြုလုပ်ခဲ့ပါတယ်။အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ရည်ရွယ်ပြုလုပ်တဲ့ Alpine Cup ဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ်တွေကို မနက်ြဖန်မှာ စတင်ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်း၊ ထိုင်းလက်ရွေးစင်ယူ- ၂၃အသင်း၊ ဘာရိန်းယူ-၂၃အသင်းနဲ့ တောင်ကိုရီးယားယူ-၁၉အသင်းတို့ ကအုပ်စုပတ်လည်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး အမှတ်အများဆုံးရရှိတဲ့ အသင်းက ချန်ပီယံဆုကိုရရှိမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းက ဇူလိုင်လ(၂၃)ရက်က စတင်ကာ မန္တလေး မြို့မှာ စခန်းသွင်းလေ့ကျင့်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပဏာမကစားသမား(၂၆)ဦးကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

 မြန်မာအသင်းက အခုပြိုင်ပွဲပြီးဆုံးပါက ပဏာမကစားသမား(၂၃)ဦးကို ရွေးချယ်မှာဖြစ်ပြီး အဲဒီထဲကမှ အာရှအားကစားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမားအယောက်(၂၀)ဦးကိုပြန်လည် ရွေးချယ်မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင် ယူ -၂၃ အသင်းက ကစားသမား နှစ်ဦးဖြစ်တဲ့ မျိုးကိုထွန်း နဲ့ ရှိုင်းသူရ တို့က ပြိုင်ပွဲမှာ ပါဝင်ဖို့ မသေချာပဲ သူတို့ရဲ့နေရာမှာ လွင်မိုးအောင်ကို အစားထိုးခေါ်ယူထားပါတယ်။မြန်မာ့လက်ရွေးစင်ယူ-၂၃အသင်းက အဖွင့်ပွဲစဉ်အဖြစ် မနက်ဖြန်ညနေ (၆)နာရီမှာ တောင်ကိုရီးယားယူ-၁၉ အသင်းနဲ့ မန္တလေးမြို့ မန္တလာသီရိကစားကွင်းမှာ ယှဉ်ပြိင်သွားရမှာ ဖြစ်ပါတယ်။ Alpine Cup ဘောလုံး ပြိုင်ပွဲကြီးရဲ့ ပွဲစဉ်တွေအားလုံးကို 4TV Sports ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

 

 

Related News