မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ဖိတ်ခေါ်ယှဉ်ပြိုင်ကစားတဲ့ Alpine Cup 2018 ပြိုင်ပွဲမှာ မြန်မာယူ (၂၃)အသင်းက နောက်ဆုံးပွဲစဉ်မှာ ထိုင်းယူ (၂၃)အသင်းကို (၂) ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရရှိပြီး ဒုတိယဆုရရှိခဲ့ပါတယ်။ 
မြန်မာယူ (၂၃) အသင်းဟာ ယခုလအတွင်းမှာကျင်းပမယ့် အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲအတွက်နဲ့ လာမယ့်ဆူဇူကီးဖလားအတွက် ယခုပြိုင်ပွဲကိုရည်ရွယ်ကျင်းပခဲ့ပြီး မျက်နှာသစ်ကစားသမားတွေကိုစမ်းသပ်အသုံးပြုခဲ့ပါတယ်။

နည်းပြအန်တွမ်နီဟေးရဲ့မြန်မာယူ (၂၃) အသင်းဟာ လိုအပ်ချက်တွေရှိခဲ့ပေမယ့် ကြိုးစားမှု၊ နည်းဗျူဟာချမှတ်မှုအပိုင်းတွေမှာ ယခင်ကထက်ပိုမိုတိုးတက်လာပြီး တစ်ပွဲထက်တစ်ပွဲပိုမိုကောင်းမွန်လာခဲ့ပါတယ်။ ယခုပြိုင်ပွဲမှာလည်း ပထမဆုံးတောင်ကိုရီး ယားယူ (၁၉) အသင်းနဲ့ ပွဲစဉ်မှာ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပေမယ့် နောက်ပွဲတွေမှာ တစ်ပွဲထက်တစ်ပွဲပိုမိုနားလည်မှုရှိလာခဲ့ပြီး ထိုင်းယူ (၂၃) အသင်းနဲ့ပွဲစဉ်မှာလည်း အကောင်းဆုံးခြေစွမ်းတွေကိုမြင်တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့မြန်မာအသင်းမှာ အောင်သူရဲ့ အခန်းကဏ္ဍဟာများပြားနေခဲ့တာကြောင့် သူ့ကိုထောက်ပံ့ပေးဖို့နဲ့ သူ့နေရာအတွက် အရန်သင့်ကစားနိုင်မယ့် ကစားသမားတွေကို ရှာဖွေရဦးမှာဖြစ်ပါတယ်။ ထိုင်းယူ(၂၃)အသင်းနဲ့ပွဲစဉ်မှာ အောင်သူကိုအထောင်ထားခဲ့ပြီး ပွဲအစ (၅) မိနစ်အတွင်းသွင်းယူတဲ့ အောင်သူ၊ ဇော်မင်းထွန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ထိုင်းယူ(၂၃)အသင်းကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲစဉ်မှာ ထိုင်းယူ (၂၃) အသင်းကချေပဂိုးအဖြစ် ပွဲချိန်မိနစ်(၃၀)မှာ မြန်မာကစားသမားထိုက်ထိုက်အောင်ရဲ့အမှားကနေ လှပတဲ့အဝေးကန်ချက်နဲ့ရရှိခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာအသင်းက အပိုင်အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် (၂) ဂိုး၊ (၁) ဂိုးနဲ့သာအနိုင်ရရှိခဲ့ပါတယ်။ Alpine Cup 2018 ပြိုင်ပွဲမှာ တောင်ကိုရီးယားယူ (၁၉) အသင်းက (၃)ပွဲလုံးအနိုင်ရရှိကာ ပထမဆုရရှိခဲ့ပြီး မြန်မာယူ (၂၃) အသင်းက (၁) ပွဲနိုင်၊ (၁) ပွဲသရေ၊ (၁) ပွဲရှုံးနဲ့ ဒုတိယဆု ရရှိခဲ့ပါတယ်။

 

 

Related News