သြဂုတ်လ(၁၈)ရက်ကနေ စက်တင်ဘာလ(၂)ရက်ထိ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ရိုးရာလှေလှော်အသင်းအနေနဲ့ ဆုတံဆိပ်တွေ ရရှိဖို့ မျှော်မှန်းထားပေမယ့် လေ့ကျင့်ထားတဲ့လှေအမျိုးအစားနဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမယ့် လှေအမျိုးအစား မတူညီတဲ့ အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။ 

အာရှအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာလှေ၊ ရိုးရာလှေနဲ့ ကနူးကယက် လှေပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီထဲကမှ ရိုးရာလှေလှော်အားကစားအဖွဲ့က ပြိုင်ပွဲ အတွက် (၁)နှစ်ကျော် လေ့ကျင့်ပြင်ဆင်ထားတာဖြစ်ပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုတွေအဖြစ် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့တံခွန်စိုက်ရိုးရာနဂါးလှေပြိုင်ပွဲ၊ တရုတ်(တိုင်ပေ)မှာ ကျင်းပခဲ့တဲ့ အာရှနဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ အပြည်ပြည်ဆိုင်ရာအိုးပင်းပြိုင်ပွဲတို့ကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲ တွေတိုင်းမှာ ဆုတံဆိပ်တွေရရှိခဲ့တဲ့ မြန်မာရိုးရာလှေလှော်အားကစားအဖွဲ့ဟာ လာမယ့်အာရှအားကစား ပြိုင်ပွဲမှာလည်း ဆုတံဆိပ်တွေရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လေ့ကျင့်ထားတဲ့ လှေအမျိုးအစားနဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမယ့် လှေအမျိုးအစားက မတူညီတာကြောင့် နည်းပြနဲ့ ကစားသမားတွေ ကတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။အာရှအားကစားပြိုင်ပွဲမှာ ရိုးရာလှေလှော်အားကစားနည်းက အမျိုးသားအသင်းအနေနဲ့ မီတာ (၂၀၀)၊ မီတာ(၅၀၀)နဲ့ မီတာ(၁၀၀၀)စတဲ့ ပြိုင်ပွဲအမျိုးအစား(၃)မျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမျိုးသမီးအသင်းက မီတာ(၂၀၀)နဲ့ မီတာ(၅၀၀)ပြိုင်ပွဲစတဲ့ ပြိုင်ပွဲအမျိုးအစား(၂)မျိုးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒီကစားနည်းမှာ အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၁၆)ဦး စုစုပေါင်း ကစားသမား(၃၂)ဦးနဲ့ သွားရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။မြန်မာ့လက်ရွေးစင်ရိုးရာလှေလှော်အသင်းမြန်မာလှေလှော်အားကစားအဖွဲ့က အာရှအားကစားပြိုင်ပွဲမှာ (၃)ကြိမ်အထိ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတလျောက် ငွေတံဆိပ် (၃)ခုထိ ရယူပေးခဲ့တာ ဖြစ်ပါတယ်။အခုနှစ်ပြိုင်ပွဲက စတုထ္တအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရွှေတံဆိပ်ဆုအပါအ၀င် ဆုတံဆိပ်တွေရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

 

Related News