မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ MPT တို့ ပူးပေါင်းကျင်းပတဲ့ ဦးစီးဌာနအဆင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီုးမြင့်ပွဲကို သြဂုတ်လ(၂၇) ရက်က သထုံလမ်းမှာရှိတဲ့ တက္ကသိုလ်များအားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံ ဦးစီးဌာနအဆင့်အမျိုးသား၊အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အထက်မြန်မာပြည် မှ အသင်း(၂)သင်းနဲ့ အောက်မြန်မာပြည်မှ အသင်း(၂)သင်း ပတ်လည်ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

အမှတ်အများဆုံးရရှိတဲ့ အသင်း(၂)သင်းက ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပြီး ဗိုလ်လုပွဲမှာ အောက်မြန်မာ ပြည်(ခ)အသင်းနဲ့ အထက်မြန်မာပြည် (က)အသင်းတို့ ယှဉ်ပြိုင်ခဲ့ပါတယ်။ပြိုင်ပွဲအပြီးမှာ အောက်မြန်မာပြည် (ခ)အသင်းက (၃)ဂိုး(၁)ဂိုးနဲ့ အထက်မြန်မာပြည်(က) အသင်းကို အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ဆုချီးမြင့်ပွဲမှာ နေရာအလိုက် အကောင်းဆုံးကစားသမားဆုနဲ့ ပြိုင်ပွဲတလျောက် အကောင်းဆုံးကစားသမား ဆုတို့ကို ချီးမြင့်ခဲ့ပါတယ်။

အဲဒီနောက် အမျိုးသား၊အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တဲ့ အောက် မြန်မာပြည်(က)အမျိုးသမီးအသင်းနဲ့ အထက်မြန်မာပြည်(က)အမျိုးသားအသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ် ချီးမြင့်ခဲ့ပြီး ချန်ပီယံဆုရရှိခဲ့တဲ့ အထက်မြန်မာပြည်(က)အမျိုးသမီးအသင်းနဲ့ အောက်မြန်မာပြည်(ခ) အမျိုးသား အသင်းကို တစ်ဦးချင်းဆုတံဆိပ်နဲ့ ချန်ပီယံဆုဖလားချီးမြင့်ခဲ့ပါတယ်။ဒီပြိုင်ပွဲမှာ ထူးချွန်တဲ့ ကစားသမားတွေကို လာမယ့် Asean University Game ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းအတွက် ကစားသမားဖြည့်တင်းခေါ်ယူမှုတွေ ပြုလုပ်သွားမယ် လို့ သိရပါတယ်။အခုကျင်းပခဲ့တဲ့ပြိုင်ပွဲကို ပြီးခဲ့တဲ့ မတ်လကစတင်ကာ တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံအဆင့် ၊ ဇုန်အဆင့်နဲ့ ဦးစီးဌာနအဆင့်ဆိုပြီး အဆင့်(၃)ဆင့် ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးမှ  တက္ကသိုလ်ကောလိပ်ကျောင်းပေါင်း (၁၆၀)ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

 

 

 

Related News