စက်တင်ဘာလ(၆)ရက်နေ့ ဒီကနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးယူ-၁၉ အသင်းနဲ့ စင်ကာပူအမျိုးသမီးယူ-၁၉အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးယူ-၁၉ အသင်းက (၇)ဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့ပါတယ်။ အာရှအမျိုးသမီးယူ-၁၉ခြေစစ်ပွဲအတွက် အကြို ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၁၉ အသင်းက ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် စင်ကာပူယူ-၁၉ အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ ပါတယ်။ ဒီပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ စင်ကာပူ အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲကစားချိန်ပထမပိုင်းမှာ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ရာမှာ အမှားတွေ များနေခဲ့သလို အဆုံးသတ်မသေချာမှုတွေကြောင့် ပထမပိုင်းပွဲချိန်အပြီး (၂)ဂိုးဂိုးမရှိနဲ့သာ ဦးဆောင်ကစား နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မြန်မာအမျိုးသမီးအသင်း လူစားလဲမှုတချို့ ပြုလုပ်ခဲ့ပေမယ့် ကစားပုံ သိသိသာသာ ပြောင်းလဲသွားခြင်းမရှိပဲ ပွဲကစားချိန်မိနစ်(၇၀) နောက်ပိုင်းမှသာ ဦးဆောင်ဂိုးတွေ ဆက်တိုက် သွင်းယူနိုင် ခဲ့ပါတယ်။အဲ့တာကြောင့် ပွဲချိန်မိနစ်(၉၀)အပြီးမှာ မြန်မာအမျိုးသမီးယူ-၁၉အသင်းက စင်ကာပူအမျိုးသမီးယူ-၁၉ အသင်းကို (၇)ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။မြန်မာအမျိုးသမီးယူ-၁၉အသင်းက အာရှယူ-၁၉ခြေစစ်ပွဲမတိုင်မီ ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲအဖြစ် စင်ကာပူ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာလည်း လေ့ကျင့်မှုတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အာရှယူ-၁၉ ခြေစစ်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက အုပ်စု(F)မှာ အီရန်၊ ပါလက်စတိုင်း၊ လာအိုအသင်းတို့နဲ့ ကျရောက်နေပြီး မြန်မာအသင်းပါဝင်တဲ့အုပ်စု (F)ရဲ့ ပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News