ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းက မကွေးအသင်းကိုအနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းနဲ့ ဟံသာဝတီယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။အခုတပတ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းက မကွေးအသင်းကို တိုက်စစ်မှုးဆီလာရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိ ခဲ့ပါတယ်။ ဒီပွဲစဉ်က ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး (၂)သင်းစလုံး အခွင့်အရေးတွေ ရရှိခဲ့ကြ ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းက အိမ်ကွင်းအားသာချက်နဲ့ မကွေးအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေ မယ့် ကစားသမားတစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ရာမှာ အမှားတွေများနေခဲ့သလို အဆုံးသတ်မသေချာမှုတွေ ကြောင့် မိနစ်(၈၀)မှာ သွင်းယူခဲ့တဲ့ ဆေလာရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပဲခူးမြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဟံသာဝတီအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်း တို့ပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဟံသာဝတီအသင်းက ဒီပွဲစဉ်မှာ ပွဲပယ်ကစား သမားနှစ်ဦးရှိနေခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက အမာခံကစားသမားအများစုနဲ့ ပွဲထွက်ကစားခဲ့ပါတယ်။ နှစ်သင်းစလုံးအပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ရှမ်းယူနိုက်တက်အသင်းက အခွင့်အရေးတွေပိုမိုရရှိ ခဲ့ပြီး အသုံးအချနိုင်ခဲ့တာကြောင့် ဂိုးမရရှိခဲ့တာ ဖြစ်ပါတယ်။ ဟံသာဝတီအသင်းကလည်း အဓိက တိုက်စစ်မှုး ဖြစ်တဲ့ ဂျိုးဇက်ပါဝင်လာခြင်းမရှိတာကြောင့် တိုက်စစ်က အရာမရောက်ခဲ့တာ ဖြစ်ပါတယ်။ အဲတာကြောင့် ဒီပွဲစဉ်က နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိပဲ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် အနီးစပ်ဆုံး အခြေအနေတစ်ခုကို ရောက်ရှိနေကြသလို အမှတ်ပေးလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုအတွက် အခွင့်အရေးတွေ ကိုယ်စီရှိနေကြတဲ့ အသင်းတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို စက်တင်ဘာလ(၂၆)ရက်နဲ့ (၂၇)ရက်တွေမှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။

 

 

 

Related News