အခုတပတ်ယှဉ်ပြိုင်ကစားရမယ့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၄)မှာ ဟံသာဝတီယူနိုက်တက်အသင်းက ရှမ်းယူ နိုက်တက်အသင်းကို အိမ်ကွင်းဖြစ်တဲ့ ပဲခူးမြို့ Grand Royal ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်းအနေနဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်တဲ့အတွက် ရလဒ်ကောင်းရရှိဖို့ မျှော်မှန်းထားပါတယ်။ ဟံသာဝတီယူနိုက်တက်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ဟာ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃)ပွဲ ယှဉ်ပြိုင်ကစားထားပြီးချိန်မှာ အမှတ်ပေးဇယားအဆင့် (၂)နဲ့(၃)နေရာမှာ ရပ်တည်နေကြတဲ့ အသင်းတွေဖြစ်ကြပြီး ဟံသာဝတီ ယူနိုက် တက်အသင်းက နောက်ဆုံး(၂)ပွဲဆက် နိုင်ပွဲတွေဆက်နေခဲ့သလို ရှမ်းယူနိုက်တက်အသင်း ကလည်း ရှုံးပွဲမရှိ သေးတာကြောင့် အဝေးကွင်းမှာ ဟံသာဝတီယူနိုက်တက်အသင်းကို ဘယ်လိုရင်ဆိုင် ကစားသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာပါ။ ဒီပွဲစဉ်မှာတော့ ဟံသာဝတီယူနိုက်တက်အသင်းက အိမ်ကွင်းပရိသတ်ရှေ့မှာ ယှဉ်ပြိုင်ရမှာပြီး ရလဒ်ကောင်းတစ်ခုရရှိအောင် ကြိုးစားသွားမယ်လို့ နည်းပြ ဦးငွေထွန်းက ပြောပါတယ်။

သမိုင်းကြောင်းတစ်လျောက် ဒီ(၂)သင်းရဲ့ တွေ့ဆုံမှုမှာတော့ ဟံသာဝတီယူနိုက်တက်အသင်းက (၂)ကြိမ်နိုင်၊ ရှမ်းယူနိုက်တက်အသင်းက (၁၀)ကြိမ်အထိ အနိုင်ရရှိထားပြီး (၄)ကြိမ်ကတော့သရေရလဒ်ထွက်ပေါ်ထားတာပါ။ အခုနှစ် ဘောလုံးရာသီမှာ ဟံသာဝတီယူနိုက်တက်အသင်းက အဆင့်(၂)နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် အသင်းရဲ့တိုက်စစ်က (၃)ဂိုးသာ သွင်းယူထားနိုင်တာကြောင့် တိုက်စစ်ကို ပြင်ဆင်ဖို့ လိုအပ်နေသေးတယ်လို့ ဟံသာဝတီယူနိုက်တက်အသင်းနည်းပြက ဆက်လက်ပြောပြထားပါတယ်။ဒီပွဲစဉ်ကိုတော့ ဖေဖော်ဝါရီလ(၃)ရက်နေ့ ညနေ(၃)နာရီခွဲချိန်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး MRTV-4 ရုပ် သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

 

Related News