(၂၀၂၀)တိုကျိုအိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲအတွက် မနေ့က မဲခွဲခဲ့ရာမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စု(A)မှာ အိန္ဒိယ၊ နီပေါ၊ အင်ဒိုနီးရှားအသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက်နေတာပါ။ ဒီအုပ်စုမှာပါဝင်နေတဲ့ အိန္ဒိယ၊ နီပေါအသင်းတို့ဟာ အိန္ဒိယနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ (၄)နိုင်ငံဖိတ်ခေါ်ဖလား Hero Cupပြိုင်ပွဲမှာလည်း ပါဝင်နေတဲ့အသင်းတွေဖြစ်ပြီး မြန်မာ အသင်းက ဒီ(၂)သင်းစလုံးကို အနိုင်ရရှိထားကာ Hero Cupပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်ထားနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ဆုံးတွေ့ဆုံမှုတွေမှာ မြန်မာအသင်းဟာ ဒီအသင်းတွေကို အနိုင်ရရှိထားတာ ဖြစ်သလို ကမ္ဘာ့အဆင့် သတ်မှတ် ချက်မှာလည်း မြန်မာအသင်းက အဆင့်(၄၄)၊ အိန္ဒိယအသင်းက (၆၂)၊ အင်ဒိုနီးရှားအသင်းက (၈၄)နဲ့ နီပေါအသင်းက (၁၀၈)နေရာမှာ ရပ်တည်နေတာကြောင့် မြန်မာ အသင်းက အမြင့်ဆုံးနေရာမှာ ရှိနေခဲ့တာပါ။

ဒါ့အပြင် မြန်မာအသင်းပါဝင်တဲ့ တိုကျိုအိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု(A)ရဲ့ ပွဲစဉ်တွေကို ဧပြီလအတွင်း မန္တလေးမြို့မှာ ကျင်းပသွားမှာ ဖြစ်ပြီး အိမ်ရှင်အဖြစ်လည်း လက်ခံ ကျင်းပရမှာ ဖြစ်တဲ့အတွက် ဒုတိယအဆင့်ခြေစစ်ပွဲအောင်မြင်ဖို့ အခွင့်အရေးတွေ ရှိနေတာဖြစ်ပါတယ်။ တိုကျိုအိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲမှာ အုပ်စု(၃)ခု ပါဝင်တာဖြစ်ပြီး အုပ်စုပထမရရှိတဲ့ အသင်း(၃)သင်းဟာ နောက်ဆုံးအဆင့်ခြေစစ်ပွဲကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။နောက်ဆုံးအဆင့်မှာ တောင်ကိုရီးယား၊ မြောက် ကိုရီးယား၊ တရုတ်၊ သြစတေးလျ၊ ထိုင်းအသင်းတို့နဲ့ အတူ ဒုတိယအဆင့်ခြေစစ်ပွဲအောင်မြင်လာတဲ့ အသင်း(၃)သင်း စုစုပေါင်းအသင်း(၈)သင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး (၄)သင်း(၂)အုပ်စုခွဲကာ ယှဉ်ပြိုင်ရမှာပါ။ ဒီနောက်ဆုံးအဆင့်မှာ အုပ်စုပထမရရှိတဲ့ အသင်း(၂)သင်းနဲ့ အိမ်ရှင် ဂျပန်အသင်းတို့ဟာ (၂၀၂၀)တိုကျို အိုလံပစ်ပြိုင်ပွဲကို အာရှတိုက်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။

 

 

Related News