၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ(၂၅)ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံမှာ ပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ ပြည်သူလူထုတွေ ပိုက်ကျော်ခြင်းအားကစားကို စိတ်ပါဝင်စားလာစေရေး၊ ပြိုင်ပွဲဝင်အား ကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်မှုရရှိစေရေးနဲ့ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရေးအတွက် ဒီပြိုင်ပွဲကို ကျင်းပတာဖြစ်တယ်လို့  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော် က ပြောပါတယ်။

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲမှာ တိုင်းနဲ့ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၁၅)သင်းတို့က ၀င်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပိုက်ကျော်ခြင်းအားကစားနည်းဟာ မြန်မာနိုင်ငံတစ်ဝှမ်း လုံးမှာရှိတဲ့ ပြည်သူလူထုတစ်ရပ်လုံး စိတ်ဝင်တစားကစားကြတဲ့ အားကစားနည်းဖြစ်ပြီး အာရှအားကစားပြိုင်ပွဲနဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများမှာ နိုင်ငံဂုဏ်ဆောင်ပေးနိုင်ခဲ့တဲ့ အားကစားနည်းမျိုးလည်းဖြစ်ပါတယ်။ယခုပြိုင်ပွဲကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ လူငယ်ရွက်ပုံးသီးတွေ အများအပြားဝင်ရောက်ယှဉ်ပြိုင်တဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက် လူငယ်မျိုးဆက်သစ်တွေကို မွေးတဲ့နေရာမှာ အဓိကအကျဆုံး ပြိုင်ပွဲဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းရဲ့ အုပ်ချုပ်သူ ဦးမြအောင်က  ပြောပါတယ်။၂၀၁၈ခုနှစ် တုန်းကတော့ နှစ်ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲကို ပြုလုပ်ခဲ့ပြီး ယခုနှစ်မှာတော့ သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲကို ပြုလုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို ဇွန်လ ၂၅ ရက်ကနေ ဇူလိုင်လ ၅ရက်အထိ (၁၀) ရက်တိုင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

 

Related News